Monday, November 14, 2016

နယူးဇီလန်နိုင်ငံ၌ ပြင်းအား ၇ ဒသမ ၈ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့သောကြောင့် လူ၂ ဦး သေဆုံးကာ ကြီးမားသည့် လမ်းတံတားပျက်စီးမှုများ ဖြစ်ပေါ်

နိုဝင်ဘာ ၁၄ ရက်က နယူးဇီလန်နိုင်ငံ၌ ပြင်းအား ၇ ဒသမ ၈ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့သောကြောင့် လူ၂ ဦး သေဆုံးကာ ကြီးမားသည့် လမ်းတံတားပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခဲ့သည်။

 

မကြာခဏ ငလျင်လှုပ်လေ့ရှိသည့် တောင်ပစိဖိတ်နိုင်ငံ နယူးဇီလန်တွင် အင်အားအပြင်ဆုံး ငလျင်အဖြစ် သတ်မှတ်နိုင်သည့် ယခုငလျင်သည် တောင်ပိုင်းကမ်းရိုးတန်း ခိုင်ကူရာမြို့အနီး ဗဟိုပြု၍ နိုဝင်ဘာ ၁၄ နံနက်အစောပိုင်းတွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်ကြောင့် ကြီးမားသည့် ဆူနာမီလှိုင်းသတိပေးချက်များ အချိန်မီ ထုတ်ပြန်နီုင်ခဲ့သဖြင့် လူထောင်ပေါင်းများစွာသည် ကုန်းမြင့်ပိုင်းသို့ ထွက်ပြေးခဲ့ကြသည်။

 

ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည့် ခိုက်ကူရာမြို့ကို ကယ်ဆယ်ရေးသမားများ အလောတကြီး ထွက်ခွာသွားခဲ့ကြသည်။ယခုနံနက် လှုပ်ခဲ့သည့်ငလျင်ကြောင့် ပျက်စီးမှုများကို အသေးစိပ် သိရပြီဖြစ်ကြောင်း မြို့ပြကာကွယ်ရေးဝန်ကြီး ဂယ်ရီဘရောင်လီက ဆိုသည်။

 

ယခုအချိန်တွင် မိမိတို့ကြားရသည်ထက် နောက်ထပ် ဒဏ်ရာရမှုနှင့် အသက်ဆုံးရှုံးမှုများ ရှိနိုဖွယ်မမြင်တော့ကြောင်းလည်း ဆိုသည်။ အရေးအကြီးဆုံးမှာ လမ်းတံတားများ ထိခိုက်ပျက်စီးခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

 

ခိုင်ကူရာမြို့ကို အပေါ်စီးမှ ရိုက်ထားသည့် အထောက်အထားများအရ ငလျင်ကြောင့် ရထားလမ်းများ တွန့်လိမ်သွားကာ ပေ ၃၀ ခန့်အထိ မြင့်တက်သွားကြောင်း၊ အဓိကအဝေးပြေးလမ်းမပေါ်တွင်လည်းမြေပြို မှုကြောင့် ကျောက်တုံးကျောက်ခဲ တန်ရာချီ၍ ပြန့်ကျဲနေကြောင်း တွေ့ ရသည်။

 

 

Writer: 

Ref: AFP

No comments:

Post a Comment