Tuesday, November 8, 2016

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဘော်ဒါဆောင်များ အွန်လိုင်းမှတစ်ဆင့် လိုင်စင်လျှောက်ထားနိုင်

Posted: November 7, 2016

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဘော်ဒါဆောင်များ အွန်လိုင်းမှတစ်ဆင့် လိုင်စင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း သွားလာရလွယ်ကူသော မြို့နယ်များတွင် တိုက်ခန်းပိုင်ရှင် အများစုတို့သည် မိမိတို့၏ တိုက်ခန်းများကို အဆောင်များအဖြစ် ဖွင့်လှစ်မှု များပြားလာခဲ့သော်လည်း လိုင်စင်လျှောက်ထားခြင်း မရှိကြဟု ဆိုသည်။

 

ဘော်ဒါဆောင်လိုင်စင် လျှောက်ထားရန်မှာ www.ycdc.gov.mm ၏ အွန်လိုင်းဝန်ဆောင်မှု ကဏ္ဍတွင် ဘော်ဒါဆောင်ရှိ ခုတင်အရေအတွက်၊ တည်းခိုနိုင်မည့် လူဦးရေး၊ သီးခြားအိမ်သာ အရေအတွက်၊ သီးခြားခန်း ရေချိုးခန်း အရေအတွက်၊ ရေသိုလှောင်သည့် ရေဂါလန်ပေါင်း နှင့် လုပ်ငန်းရှင်၏ အမည်၊ မှတ်ပုံတင်၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်၊ ဘေးဝဲယာနေအိမ် ၁၀ အိမ်မှ ထောက်ခံချက်လိုအပ်ပြီး တစ်နှစ်စာအတွက် လိုင်စင်ကြေးသည် ခုတင်တစ်လုံးလျှင် ကျပ် ၂၀၀၀ ဝန်းကျပ် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

 

“အွန်လိုင်းက မလျှောက်ပဲ ရုံးကနေ လျှောက်မယ်ဆိုရင်လည်း သက်ဆိုင်ရာ မြို့နယ်စည်ပင်ရုံးတွေမှာ လျှောက်နိုင်ပါတယ်။ အချက်အလက် ပြည့်စုံရင် တစ်ပတ်လောက်ပဲ ကြာပါတယ်” ဟု စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနမှ ဒု-ဌာနမှူး ဦးညီညီဦးက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လသာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ အင်းစိန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း မြို့နယ်တို့တွင် ကျပ်သုံးသောင်းမှ ငါးသောင်းအတွင်း အမျိုးသား၊ အမျိုးသမီးနှင့် အိမ်ထောင်သည် အဆောင်များ ငှားရမ်းနေထိုင်မှု များပြားကြသည်။

 

ဝသန်

The Ladies News

No comments: