မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် စင်္ကာပူနိုင်ငံ အခြေစိုက် Delta Gold Pte. Ltd ကုမ္ပဏီမှ သဲများတူးဖော်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကိုသားကြီး)
စင်ကာပူနိုင်ငံသို့ သဲများတင်ပို့ ရောင်းချရန်အတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် စင်ကာပူနိုင်ငံ အခြေစိုက် Delta Gold Pte.Ltd ကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းနှင့် လိပ်ကျွန်းအနီးတွင် သင်္ဘောကြီးများဖြင့် သဲများလာရောက် ထုတ်ယူနေမှုကြောင့် ကျွန်းငယ်များ နိမ့်ဆင်းခြင်း သဘာဝလိပ်ကျွန်း ပျက်စီးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် စင်္ကာပူနိုင်ငံ အခြေစိုက် Delta Gold Pte.Ltd မှ ပမ္မ၀တီမြစ်နှင့်အနီး သဲလုပ်ကွက်နှင့် ဟိုင်းကြီးကျွန်း တောင်ဘက်ရှိ သဲလုပ်ကွက်များတွင် သောင်တူးစက်ကြီးများနှင့် သောင်များတူးဖော်နေပြီး ထွက်ရှိလာသည့် သဲများအား Delta Gold Pte.Ltd မှ Tug Amoe and Barge Amone 7002 ရေယာဉ်ဖြင့် တင်ဆောင်ကာ Admiral Schmide ရေယာဉ်ဖြင့် စင်ကာပူနိုင်ငံသို့ တင်ပို့ရောင်းချ သွားမည်ဖြစ်ကြောင်း၊ သဲများတင်ပို့ ရောင်းချခွင့်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရှိ ကုန်သွယ်ရေးဦးစီးဌာနမှ ပို့ကုန်လိုင်စင်ရရှိပြီး ဖြစ်ကြောင်း၊ ဟိုင်းကြီးကျွန်းအနီး သဲထုတ်လုပ်နေသည့် နေရာမှာ ဒေသခံများ နေထိုင်သော ကျေးရွာများနှင့် နီးစပ်မှုရှိနေခြင်း၊ သဘာဝအတိုင်း ထိန်းသိမ်းထားရှိသည့် လိပ်ကျွန်းနှင့် နီးစပ်မှုများ ရှိနေခြင်းများကြောင့် သဲထုတ်လုပ်ခြင်းကြောင့် သဘာဝ ကျွန်းငယ်များ နိမ့်ကျခြင်း၊ လူနေထိုင်ရာ ကျေးရွာများတွင် ကမ်းပါးများ ပြိုကျခြင်း၊ သဘာဝ လိပ်ကျွန်းတွင် နေထိုင်နေရသော ရှားပါးလိပ်မျိုးစိတ်များ ပျောက်ကွယ်ခြင်းများ ဖြစ်ပေါ်မည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ပြောကြားသည်။
“မနှစ်က အရင်အစိုးရ လက်ထက်တုန်းမှာ နိုင်ငံခြားသားတွေ စက်တွေနဲ့ သဲတွေလာတိုင်းတာ၊ သောင်တွေ လာရှာတာတွေ လုပ်တယ်။ နောက်ကျတော့ တစ်နှစ်လောက် ပျောက်သွားပြီးတော့ မိုးကုန်ခါနီးလည်းကျရော အခုကျတော့မှ သင်္ဘောသုံးစင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်တွေပါ ပါလာပြီး မကြာဘူး သဲစုပ်တာပဲ။ သဲစုပ်တာက အခုလိပ်ကျွန်းနဲ့ ဟိုင်းကြီးကျွန်းကြားက ခုံပေါ်မှာ စုပ်နေတယ်။ ပထမသုံးစင်း လာစုပ်တာမှာ တစ်စီးကတော့ ထွက်သွားပြီ။ အဲဒီလို လာစုပ်နေတာ ကျောက်ချောင်းဘက်၊ ကံချိုင်ဘက်၊ ခမောက်မော်ဘက်၊ အုန်းငူဘက် ခြမ်းတွေမှာပေါ့။ အုန်းငူဆိုသူတို့ သဲစုပ်နေတဲ့နေရာနဲ့ ထိပ်တိုက်တွေ့တာ၊ အဏ္ဏ၀ါဆိုရင်လည်း သူတို့နားမှာပဲ၊ ကျွန်တော်တို့က အခုသူတို့စုပ်နေလို့ အဲဒီခုံတွေ ပြိုသွားရင် အခုကမ်းခြေမှာရှိနေတဲ့ သောင်ပြင်တွေ ပြိုကျသွားနိုင်လို့ စိုးရိမ်နေကြတယ်။ များများတူးလာမယ်ဆိုရင် ကလိုင်ဖြစ်သွားပြီးတော့ ကျွန်းတွေဘာတွေ နိမ့်ဆင်းသွားတာတွေ ဘာတွေ ဖြစ်လာနိုင်တယ်။ ကလိုင်ဖြစ်သွားရင် ကမ်းခြေကို လှိုက်စားပြီးတော့ အဏ္ဏ၀ါဘက်ခြမ်းနဲ့ အုန်းငူဘက်ခြမ်းမှာ ပြိုကျသွားနိုင်တယ်။ သဲတွေသာ လာစုပ်နေတာ ဒေသခံတွေကို ဘာမှမပြောဘူး။ ကျွန်တော်တို့ကို ရှင်းလည်း မပြဘူး။ ကျွန်တော်တို့မှာ စိုးရိမ်နေရတာပဲရှိတယ်” ဟု ဟိုင်းကြီးကျွန်း ဒေသခံတစ်ဦးဖြစ်သူ ကိုသက်ဦးက ပြောကြားသည်။
သဲများလာရောက် ထုတ်ယူနေသော်လည်း အနီးပတ်ဝန်းကျင်တွင် နေထိုင်နေကြသော ဒေသခံ ရေလုပ်သားများအား လုပ်ငန်းနှင့် ပတ်သက်၍ ပြောဆိုအသိပေးထားခြင်း မရှိကြောင်း၊ အနီးရှိ လိပ်ကျွန်းနှင့် မြတ်မော်တင်စွန်း စေတီတော်ကြီးအား သဲစုပ်ယူမှုကြောင့် ထိခိုက်မှုများ ရှိလာမည်ကို စိုးရိမ်နေကြောင်း သိရသည်။
“သင်္ဘောကြီးတွေနဲ့ သဲတွေလာစုပ်နေတယ်။ သူတို့ စုပ်နေတဲ့ နေရာနားမှာ အုန်းငူဆိုတာရှိတယ်။ အုန်းငူဘက်မှာ ရှေးကတည်းကနေတဲ့ အိမ်တွေလည်းရှိတယ်။ အုန်းငူက သောင်ခုံကိုသာ စုပ်လိုက်ရင် အုန်းငူက လုံးဝ ပျောက်သွားမှာ၊ ပြီးတော့ ဦးတို့အမြဲတမ်း ထိန်းသိမ်းထားရတဲ့ လိပ်ကျွန်းဆိုတာကလည်း အနားမှာ သဘာဝလိပ်ကျွန်းက ထိန်းသိမ်းထားရတာ လိပ်ကျွန်းက သဲတွေသာ ပြိုကျသွားရင် လိပ်တွေ ဘယ်မှာ ဥတွေ သွားဥမလဲ။ တို့ရေလုပ်ငန်း လုပ်တဲ့သူတွေ ထိန်းသိမ်းထားရတဲ့ ရှားပါးလိပ်တွေ ပျောက်သွားရင် ဘယ်လိုလုပ်မလဲ၊ သူတို့က ဘယ်ဒေသခံတွေကိုမှလည်း မတိုင်ပင်ဘူး သူ့ဘာသာလာ လုပ်နေတာ။ ထင်တိုင်းကြဲနေကြတာ၊ ဦးတို့မှာလည်း ပြောချင်တာကို ဘယ်လိုပြောရမှန်း မသိဘူး၊ ဦးတို့မှာ ကျွန်းလေးတွေ အခြေပြုနေကြတာ ကျွန်းတွေသာ ပျောက်သွားရင် ဦးတို့ဘယ်လို ဆက်နေကြရမလဲ” ဟိုင်းကြီးကျွန်း ဒေသခံ ရေလုပ်သား ဦးသိန်းဦးက ပြောကြားသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် စင်ကာပူနိုင်ငံ အခြေစိုက် Delta Gold Pte.Ltd ကုမ္ပဏီမှ သောင်များတူးဖော်၍ သဲများထုတ်ယူ နေသည်မှာ ယနေ့အချိန်ထိ သဲတန်ချိန်ပေါင်း ၆၀၀၀ တန်ထိ ထုတ်ယူထားပြီးဖြစ်ကြောင်း သိရသည်။
Writer:
မင်းသူဝင်းထွဋ်
No comments:
Post a Comment