Tuesday, November 8, 2016

အရက်အတူ သောက်စားကာ တစ်ဦးနှင့်တစ်ဦး စနောက်ပြီး တွန်းချခဲ့ရာမှ သောက်ရေကန်ထဲ ရေနစ်သေဆုံးမှု တစ်ခု ကျောက်ဖြူတွင် ဖြစ်ပွား

ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည့် ကန်အား တွေ့ရစဉ်

ကျောက်ဖြူမြို့ ကလာဘာတောင် ရပ်ကွက်ရှိ သောက်ရေကန်ပေါင်တွင် နိုဝင်ဘာ ၆ ရက် ညနေက အရက်အတူ သောက်စားစဉ် တစ်ဦးနှင့်တစ်ဦး စနောက်ရာမှ ရေကန်ထဲတွန်းချခဲ့ရာ လူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူ ည ၉ နာရီခန့်က မောင်ဖိုးတူး (၂၅ နှစ်) (ဘ) ဦးခင်မောင်ကြည်က လာဘာတောင် ရပ်ကွက် အလယ်ပိုင်းနေသူဖြစ်ပြီး တရားခံ ဦးကျော်သန်းအောင် (၃၄ နှစ်) (ဘ) ဦးမောင်ဖိုးကြိုင်နှင့် အရက်အတူ သောက်နေစဉ်တွင် တစ်ဦးနှင့်တစ်ဦး စနောက်ကြရာမှ ဦးကျော်သန်းအောင်မှာ မခံချင်စိတ်ဖြင့် လုံးထွေးရာမှ မောင်ဖိုးတူးအား သောက်ရေကန်ထဲ တွန်းချခဲ့သဖြင့် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ဒေသခံများ ပြောပြချက်အရ သိရသည်။

“တရားခံကို ဖမ်းဆီးစစ်ဆေးမှုအရတော့ လူသတ်မှုမမြောက်လို့ ယူဆရပါတယ်။ တစ်ဦးနဲ့တစ်ဦး အရက်သောက်ပြီး အပြန်အလှန် စနောက်ပြောဆိုပြီး လုံးထွေးရာကနေ သောက်ရေကန်ထဲသို့ ပြုတ်ကျလို့ သေဆုံးသွားတာလို့ အကြမ်းအားဖြင့် စစ်ဆေးပေါ်ပေါက်ပါတယ်” ဟု ကျောက်ဖြူ မြို့မရဲစခန်းမှ ရဲအုပ်ရဲထွန်းက ပြောကြားသည်။

အဆိုပါ လူသေမှုအား သေဆုံးသူ ဖိုးတူး၏ဖခင် ဦးခင်မောင်ကြည်က တရားလိုပြု တိုင်တန်းချက်အရ ကျောက်ဖြူမြို့မ ရဲစခန်းက (ပ) ၇၁၈/၂၀၁၆ ရာဇာသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ရဲအုပ်ရဲထွန်းက စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ဒုစခန်းမှူး ဂျော်နီထွန်းက ပြောကြားသည်။       

 

Writer: 

အောင်ရမ္မာ

No comments: