Posted: November 19, 2016
အစိုးရအပြောင်းအလဲဖြစ်ပြီး ရှစ်လနီးပါးကြာချိန်တွင် တိုင်းပြည်၏ စီးပွားရေး အခြေအနေ မည်သို့ရှိ သည်ကို လုပ်ငန်းများ လည်ပတ်နိုင်မှု ၊ ကုန်ဈေးနှုန်းများနှင့် လက်တွေ့ စားဝတ်နေရေး အဆင်ပြေခြင်း မပြေခြင်း တို့က ဖော်ပြနေပြီးဖြစ်သကဲ့သို့ နိုင်ငံတော်ကို တာဝန်ယူထားသည့် ပါတီနှင့် အစိုးရအဖွဲ့အတွင်းရှိ တာဝန်ရှိပုဂ္ဂိုလ်များ ကိုယ်တိုင် စီးပွားရေးကို တိုးတက်အောင် မစွမ်းဆောင်နိုင်သေးဘူး ဆိုသည်ကို လူသိရှင်ကြား ဖွင့်ဟ၀န်ခံထားပြီး ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
“ဒီနေရာမှာ စိုးရိမ်စရာ ကောင်းတာက စီးပွားရေး ကျပ်တည်းမှုကို အကြောင်းပြုပြီး ရုတ်ခြည်း တိုးတက် များပြားလာတဲ့ ရာဇဝတ်မှုများ ဖြစ်ပါတယ်။ စီးပွားရေး မကောင်းခြင်းရဲ့ အကျိုးဆက်အဖြစ် တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိုပါ ထိခိုက်လာတဲ့ အနေအထား ဖြစ်လာပါတယ်။ ဒီလို အနေအထားမှာ အမျိုးသားရေးကို ဦးထိပ်ထားတဲ့ ပါတီကြီး တစ်ရပ်အနေနဲ့ ပြည်သူ့ဘဝလုံခြုံရေး၊ ပြည်သူတို့၏ စားဝတ်နေရေးနဲ့ စီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ရှေးရှုပြီး ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေများကို လေ့လာသုံးသပ် ဆွေးနွေး အဖြေရှာကြမှာ ဖြစ်ပါတယ်” ဟုလည်း ဦးသန်းဌေးက ပြောသည်။
အဆိုပါဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာလည်း လက်ရှိ ကြုံတွေ့နေရသော စိန်ခေါ်မှု ပြသ၁နာများအား ကျော်လွှား၍ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူပြည်သားများ ခံစားနေရသော လူမှုစီးပွား အကျပ်အတည်းများ လျော့ပါးစေရန်၊ ပါတီ၏ စီးပွားရေးဆိုင်ရာ မူဝါဒအဖြစ် ခိုင်ခိုင်မာမာ ချမှတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းလည်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
“နိုင်ငံတကာ အဖွဲ့အစည်းက ပြောမှမှန်တယ်၊ နိုင်ငံခြားက လာလုပ်ပေးမှ ကောင်းတယ်ဆိုတဲ့ အယူအစွဲများ ဟာလည်း တိုင်းပြည် တည်ဆောက်ရေးမှာ အမြဲတမ်း အလုပ်မဖြစ်ကြောင်း သမိုင်းသင်ခန်းစာများ ရှိထားတာကိုလည်း သတိပြုကြစေလိုပါတယ်” ဟု လည်း ဦးသန်းဌေးကပြောသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအပေါ် နိုင်ငံရေး ၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး အပါအ၀င် ဘက်ပေါင်းစုံမှ ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူခြင်း ခံနေရသည့် ကာလမျိုးမှာပင်လျှင် နိုင်ငံစီးပွားရေးကို တည်ငြိမ်အောင် ၊ တိုးတက်အောင် ပြည်သူများ နေ့စဉ်ရင်ဆိုင်နေရသည့် အထွေထွေ ကုန်စည်ဈေးနှုန်းများ တည်ငြိမ်အောင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည့် ပဲ့ကိုင်ရှင်ဝန်ကြီး ၊ဒုဝန်ကြီး အငြိမ်းစားများနှင့် ဘာသာရပ် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်ကြီးများက ဆွေးနွေးသုံးသပ်ကြမည် ဖြစ်ကြောင်းလည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဆက်လက် ပြောကြားခဲ့သည်။
ဇော်မင်းထွန်း
ဓာတ်ပုံ - ပြည်ခိုင်ဖြိုးဖေ့စ်ဘုတ်
The Ladies News
No comments:
Post a Comment