Monday, November 14, 2016

အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၂၀ ကျော် အသေဖမ်းမိကြောင်း သတင်းထုတ်ပြန်


 

(ဂွဆုံကျေးရွာတွင် မီးလောင်နေပုံ)နိရဉ္စရာ၊ နိုဝင်ဘာ ၁၃

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ယနေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း အကြမ်းဖက်သမား ၂၀ ကျော်ကို အသေဖမ်းမိခဲ့သည်ဟု ကက(ပြည်)က ပေးပို့သော သတင်းတွင် ဖော်ပြသည်။

ယနေ့ နံနက် ၉ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းမှ ဂွဆုံကျေးရွာသို့ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ကျေးရွာအတွင်းမှ ဓားရှည်များ ကိုယ်စီ ကိုင်ဆောင်ထားသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၇ ဦးခန့်မှ တိုက်ခိုက်ရန် ပြေးထွက်လာသဖြင့် တပ်မတော် စစ်ကြောင်းက ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၆ ဦးကို အသေဖမ်းဆီးရမိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

တပ်မတော်မှ ဂွဆုံကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျေးရွာအတွင်း မီးလောင်ကျွမ်းလျက်ရှိသော အိမ်ခြေ ၅၀ အားတွေ့ရှိခဲ့ရသည်ဟု သတင်းဖော်ပြသည်။

ထို့အတူ တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် နယ်မြေရှင်းလင်းရေးများ ဆက်လက် ဆောင်ရွက်စဉ် ဒါးကြီးစားတောင်ရွာသို့ ယနေ့မွန်းလွဲ ၁ နာရီ ရောက်ရှိ ရှင်းလင်းစဉ် ကျေးရွာအတွင်းမှ တုတ်၊ဓားများကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၂၀ ဦးခန့်မှ တိုက်ခိုက်ရန် ပြေးထွက်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၉ ဦးကို အသေဖမ်းဆီးရမိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

၎င်းကျေးရွာ ဒါးကြီးစား ကျေးရွာသို့ တပ်တော် စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး လုပ်စဉ် အိမ်ခြေ ၆၀ ခန့်ကို မီးလောင်၍ တွေ့ခဲ့ရသည်ဟု သိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း မီးလောင်ရာ ဒါးကြီးစားကျေးရွာနှင့် တစ်မိုင်ခန့်သာ ဝေးသို့ သရက်အုပ် ကျေးရွာသို့ နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ဒါးကြီးစားကျေးရွာတွင် နေ့လယ် ၁ နာရီကျော်မှ ညနေ ၈ နာရီထိ မီးလောင်နေသည်ကို မြင်ခဲ့ရသည်ဟု ရပ်ရွာ လူကြီး တစ်ဦးမှ ပြောဆိုသည်။

တပ်မတော် စစ်ကြောင်းက ဂွဆုံကျေးရွာနှင့် ဒါးကြီးဇားကျေးရွာ ၀န်းကျင်အား အသေးစိတ် ဆက်လက် ရှင်းလင်းရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အလောင်း ၃လောင်းအား ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မယင်းတောင်ကျေးရွာ၊ ပွင့်ဖြူချောင်းကျေးရွာနှင့် ဂွဆုံ အတွင်း နိုဝင်ဘာလ ၁၂ ရက်နေ့က တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေး လုပ်စဉ် သေနတ်ငယ်များနှင့် ဓါးလှံမှိန်း များကိုင်ဆောင်ထားသူ အကြမ်းဖက်သမား ၅၀၀ ကျော် ၏ တိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး တစ်ဦးနှင့် တပ်သား တစ်ဦးကျဆုံးပြီး အရာရှိနှင့် စစ်သည်အချို့ ဒဏ်ရာ ရရှိခဲ့ကြရသည်ဟု သိရသည်။

Narinjara

No comments: