Tuesday, November 8, 2016

လောင်းလုံးမြို့နယ်ရှိ တီဇစ်ကျေးရွာအနီး ဘူးထောင့်တံငါစုတွင် ဒေသခံများ သတင်းပေးချက်အရ တရားမ၀င်သစ်များ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဝန်ထမ်းနှစ်ဦးအား နေရာပြောင်းရွှေ့ခဲ့

တီဇစ်ကျေးရွာ အုပ်စုရှိ ဘီထောင် တံငါစုကို တွေ့ရစဉ်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ တီဇစ်ကျေးရွာအနီးမှ ဘူးထောင့်တံငါစုတွင် ဒေသခံများ သတင်းပေးချက်အရ တရားမ၀င်သစ်များ ဖမ်းဆီးရမိခဲ့ပြီးနောက် သစ်တောဝန်ထမ်းနှစ်ဦးကို နေရာပြောင်းရွှေ့ခဲ့ပြီး လက်နက်ကိုင်ဆောင်ပြီး ဒေသခံများအား ခြိမ်းခြောက်နေမှုကိုလည်း စုံစမ်းဖော်ထုတ်ကာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောကြားသည်။

ဒေသခံ ရေလုပ်သားများ နေထိုင်သော ဘူးထောင့်တံငါစုအနီးရှိ လောင်းလုံးသစ်တောကြိုးဝိုင်းအတွင်း၌ တရားမ၀င် သစ်ခိုးထုတ်နေမှုများရှိပြီး ၎င်းသစ်ခိုးထုတ်နေသူထံတွင် တူမီးသေနတ် ကိုင်ဆောင်ထား၍ ရွာအနီးသို့ အကြောင်းမဲ့ လာရောက်ပစ်ခတ်ကာ ဒေသခံများအား ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သောကြောင့် ဒေသခံများအနေဖြင့် ကြောက်ရွံ့ပြီး သစ်ခိုးထုတ်နေမှုကို မတိုင်ကြားရဲခဲ့ကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်က ထားဝယ်တိုင်းရင်းသားများပါတီ ဒုဥက္ကဋ္ဌနှင့်အဖွဲ့က ဆိုလာမီးအိမ်များ လာရောက်လှူဒါန်းသည့် အချိန်တွင် ဒေသခံများက တိုင်ကြားခဲ့သဖြင့် လိုက်ပါလာသည့် ပါတီအဖွဲ့ဝင်များက သစ်ခိုးထုတ်ထားမှုကို ဓာတ်ပုံမှတ်တမ်းများ သွားရောက် ရိုက်ယူခဲ့ကာ ရေအောက်တွင် ၀ှက်ထားသော တရားမ၀င်သစ်များအား လောင်းလုံး သစ်တောဒုဦးစီးမှူးနှင့်အဖွဲ့အား ပြသပြီး ဖမ်းဆီးစေခဲ့ကြောင်း၊ သစ်ခိုးထုတ်နေသူများအား ဒေသခံများ သိရှိသော်လည်း သစ်တော ဒုဦးစီးမှူးနှင့်အဖွဲ့က သွားရောက်ဖမ်းဆီးပြီးနောက် ပိုင်ရှင်မဲ့သစ်အဖြစ် ပြုလုပ်ခဲ့ပြီး သစ်ခိုးထုတ်သူအား ဖမ်းဆီးအရေးယူမှု မရှိခဲ့ကြောင်း သတင်းများ ပေါ်ထွက်လာခဲ့ပြီးနောက် နိုဝင်ဘာ ၄ ရက်တွင် ပြည်ထောင်စု သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်အရ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက လောင်းလုံးမြို့နယ် သစ်တောဦးစီးဌာနဦးစီးမှူးနှင့် ဒုဦးစီးမှူး (တောအုပ်) တို့အား တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ရုံးသို့ နေရာပြောင်းရွှေ့ရန် စာထုတ်ခဲ့သည်။

“ပြောင်းရွှေ့ရတဲ့ အကြောင်းရင်းကတော့ ဌာနက ၀န်ထမ်းရေးရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ရုံးချုပ်က ညွှန်ကြားချက်အရ ပြောင်းရွှေ့ခိုင်းတာပါ” ဟု တိုင်းသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။

Writer: 

ဖြိုးဇင်

No comments:

Post a Comment