Sunday, November 6, 2016

ပုဇွန်တောင် စာတိုက်အနီး ဆိုင်ကယ်တိမ်းမှောက် သေဆုံးသူ ခါးကြားမှ ခေါက်ဓားတွေ့

ရန်ကုန်၊ နိုဝင်ဘာ ၆

မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပုဇွန်တောင်လမ်းရှိ ပုဇွန်တောင်စာတိုက် မှတ်တိုင်အနီးတွင် နိုဝင်ဘာ ၅ ရက် ည ၇ နာရီခွဲက ဆိုင်ကယ်တိမ်းမှောက်ကာ သေဆုံးခဲ့သော အမျိုးသား၏ ခါးကြားမှ ခေါက်ဓားတစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

တိမ်းမှောက်ခဲ့သည့် ဆိုင်ကယ်မှာ ပုဇွန်တောင်ဈေးမှ ၁၅ ပေ ခုံးတံတားဘက်သို့ အရှိန်ဖြင့် မောင်းလာစဉ် လမ်းဖြတ်ကူးနေသော အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို ပွတ်တိုက်မိပြီး တိမ်းမှောက်ကာ ဆိုင်ကယ်မောင်းသူ အမျိုးသား ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

“ဆိုင်ကယ်အတိုက်ခံရတဲ့ အမျိုးသမီးက ဦးခေါင်း ဖူးရောင်ဒဏ်ရာ ရသွားတယ်။ ဆိုင်ကယ်မောင်းသူက နေရာမှာ ပွဲချင်းပြီးပဲ။ ခါးကြားမှာ ဓားပါလာတော့ လူဆိုးလူကောင်းမှန်း မသိရဘူး အလောင်းကို ဘယ်သူမှ မကိုင်ရဲဘူး ဖြစ်နေတယ်။ ကားလမ်းတော့ နာရီဝက်လောက် ပိတ်သွားတယ်” ဟု ပုဇွန်တောင် စာတိုက်အနီးရှိ ဈေးသည်အမျိုးသားတစ်ဦးက ပြောသည်။

ဆိုင်ကယ်တိမ်းမှောက် သေဆုံးခဲ့သော အသက် ၃၀ ဝန်းကျင် အမျိုးသား၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပိုအပ်ပြီး သေဆုံးသူ မည်သူမည်ဝါ သိရှိရန် စုံစမ်းဆောင်ရွက်နေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်

The VOICE

No comments: