Sunday, November 13, 2016

ဟီလာရီ ရွေးကောက်ပွဲ ရှုံးနိမ့်ခြင်းက တိုင်းရင်းသားများအတွက် ပိုကောင်းဟု ဦးခွန်ထွန်းဦးဆို

Posted: November 11, 2016

အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ဟီလာရီ ကလင်တန်ရှုံးနိမ့်ရခြင်းမှာ မြန်မာနိုင်ငံမှ တိုင်းရင်းသား လူနည်းစုများအတွက် ပိုကောင်းသည့် အချက်ဖြစ်စေခဲ့သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။

 

သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဟီလာရီ ကလင်တန်သည် မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင် လာရောက်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိသူဖြစ်သည်။ ယင်းအပြင် ဒီမိုကရက်ပါတီမှ အစိုးရဖြစ်သည့် ကာလတွင် မြန်မာနှင့် အမေရိကန်အကြား ဆက်ဆံရေး ပြန်လည်စတင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အမေရိကန် ရွေးကောက်ပွဲ မတိုင်မီ အမေရိကန်နိုင်ငံသို့ သွားရောက်မှု ရှိခဲ့ပြီး ယခင်ပိတ်ဆို့ အရေးယူမှု ခံထားရသည့် ခရိုနီများနှင့် စစ်အစိုးရ လက်ထက် တာဝန်ရှိသူများမှာ ပိတ်ဆို့အရေးယူမှုမှ လွတ်မြောက်လာခဲ့သည်။ သို့သော် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးသည့် နောက်ပိုင်းတွင်လည်း တိုင်းရင်းသား နယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။

 

“သမ္မတ အိုဘားမား အစိုးရနဲ့ ဒီမိုကရက် အုပ်စုတွေက မြန်မာ အပြောင်းအလဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ အောင်မြင်မှု အဖြစ် သတ်မှတ်ပုံဖော်ပြီး အကောင်းမြင်လွန်းတယ်။ အကောင်းမြင်လွန်းပြီး အောက်ခြေမှာ ဘယ်လိုဖြစ်ဖြစ် အထူးသဖြင့် တိုင်းရင်းသား နယ်မြေမှာ ဘယ်လိုပဲဖြစ်နေပါစေ ၊ ခေါင်းဆောင်ခြင်း ပြေလည်မှုနဲ့ အတူ ပုံအောဖို့ ကြိုးစားနေတာတွေ တွေ့ရတယ်။ လက်တွေ့မှာက သူတို့ မူဝါဒက ဆက်သွားရင် တိုင်းရင်းသားတွေအဖို့က အခြေနေ မကောင်းဘူးဗျ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ ထရန့်ကို ကြိုက်လို့တော့ မဟုတ်ဘူး။ ဟီလာရီ မနိုင်တဲ့အတွက် နိုင်ငံခြားရေး မူဝါဒ ချက်ချင်း မပြောင်းသည့်တိုင် ဇွတ်ပြီး ပုံအောတာတွေ လုပ်မှာ မဟုတ်တော့တဲ့အတွက် တိုင်းရင်းသားတွေ အတွက်တော့ တစ်မျိုးကောင်းတယ်လို့ ဆိုနိုင်တယ်” ဟု ဦးခွန်ထွန်းဦးက ပြောသည်။

 

အန်အယ်လ်ဒီ အစိုးရ တက်လာပြီးသည့်နောက် ၂၁ ပင်လုံကို ကျင်းပခဲ့သော်လည်း နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် အခက်တွေ့နေခြင်း ၊ တိုင်းရင်းသားများအား ဖိအားပေးသကဲ့သို့ ဖြစ်နေမှုများမှာ တိုင်းရင်းသားများအတွက် အမှန်ပင် စိုးရိမ်စရာပင်ဖြစ်ခဲ့သည်ဟု ဦးခွန်ထွန်းဦးက ဆိုသည်။ ယင်းအပြင် မကြာမီကာလအတွင်း အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး ၂၀၁၇ ဖေဖော်ဝါရီလတွင် ၂၁ ပင်လုံကို ဒုတိယ အကြိမ်ကျင်းပရန် စသည့် အစီစဉ်များ ရှိနေသော်လည်း အန်စီအေ အပစ်ရပ် လက်မှတ် မထိုးရသေးသည့် အဖွဲ့ ၁၃ ဖွဲ့ရှိနေသလို လက်မှတ်ထိုးထားသည့် ကေအန်ယူ လို အဖွဲ့သည်ပင်လျှင် ပါတီခေါင်းဆောင် အသစ်ရွေးချယ်သည့် ရွေးကောက်ပွဲ (ကွန်ကရက်) ကျင်းပပါက မူဝါဒ အချို့ ပြောင်းလာနိုင်သည်ကို ကြုံတွေ့ရနိုင်သည့်အတွက် ရွေးကောက်ပွဲ ကျင်းပရန် လျာထားမှုကို ၆ လ ရွှေ့ဆိုင်းခဲ့ရသည်။

 

“သူ့အစိုးရထဲမှာလည်း တိုင်းရင်းသားဆိုပြီး ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေကိုတော့ နေရာပေးခဲ့တယ်။ ဒါပေမဲ့ အခုထိ ဘာလုပ်နိုင်သလဲ ဆိုတာ မေးခွန်းထုတ်စရာရှိတယ်။ တိုင်းရင်းသား အခြေအနေက ဆိုးနေဆဲပဲ”ဟု ဦးခွန်ထွန်းဦးက ပြောသည်။

 

ဒီမိုကရက်ပါတီမှ ကျင့်သုံးသည့် မူဝါဒအရ ကမ္ဘာအရေးမှာ ပထမဖြစ်ရာ တရုတ်ပတ်ဝိုင်းရေး မဟာဗျူဟာ နယ်နိမိတ်အတွင်း ကျရောက်နေသည့် မြန်မာအဖို့ ယင်းအချက်မှာလည်း အတန်ငယ် စိုးရိမ်စရာဖြစ်သည်ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

 

“မဆလ ခေတ်ကလည်း အမေရိကန်က ကွန်မြူနစ်တိုက်ဖျက်ရေး ခေါင်းစဉ်တွေနဲ့ ပံ့ပိုးခဲ့တာပဲ၊ ဘာဖြစ်ခဲ့လို့လဲ။ ပြည်သူက မွဲသွားတာပဲ မဟုတ်လား။ အခုလည်း ဒီမိုကရက်တွေရဲ့ မူဝါဒ အရဆိုရင် ဘယ်လိုနေနေ အစိုးရ တပ်မတော်တို့ကို ဆက်ဆံမယ် ထောက်ပံ့မယ်ဆိုရင် တကယ်နိုင်ငံရေးအရ အဖြေရှာတာမျိုးတွေ မဖြစ်ပဲ တစ်ဖက်က အစိုးရနဲ့ တပ်မတော်ကို ထောက်ပံ့လိုက် တရုတ်ပတ်ဝိုင်းရေး ဗျူဟာကို တန်ပြန်တဲ့အနေနဲ့ တစ်ဖက်ကလည်း လုပ်လာလိုက်ဆိုရင် ပိုပြီးဆိုးဖို့ပဲ ရှိမယ်” ဟု ဦးခွန်ထွန်းဦးက ပြောသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဆွေးနွေးပွဲတွင် နိုင်ငံတကာ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ထောက်ရှူပြီး အပစ်ခတ်ရပ်စဲမှုအတွက် ဖိအားပေးမှုများ မလုပ်ရန်နှင့် ခိုင်မာသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်ပေါက်လာရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်များ ဘက်မှလည်း ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း UNFC တပ်ပေါင်းစု အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်က ပြောဆိုခဲ့သည်။

 

အမေရိကန် ရွေးကောက်ပွဲတွင် ဟီလာရီကလင်တန် ရှုံးနိမ့်မှုကြောင့် မြန်မာအနေဖြင့် အကူအညီအထောက်ပံ့ ရရှိနိုင်မှု နည်းသွားဖွယ်ရှိနေသည်ဟု အမေရိကန်ရောက် မြန်မာအသိုင်းဝိုင်းက သုံးသပ်ပြီး မြန်မာ့အရေး လေ့လာသူ ဒေါက်တာနိုင်အောင်ကမူ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမေရိကန် ရွေးကောက်ပွဲမတိုင်မီ အမေရိကန်သို့ လာရောက်ခဲ့ခြင်းမှာ မှားယွင်းသည့် ချဉ်းကပ်မှုဖြစ်သည်ဟု အမေရိကန် ရွေးကောက်ပွဲ ကျင်းပသည့်နေ့က ထရန့်အနိုင်ရရန် သေချာပြီးသည့်နောက် The Ladies News သို့ ပြောဆိုသည်။

 

The Ladies News

No comments: