Sunday, November 13, 2016

မီဒီယာ ရေးသားချက်သည် အသရေဖျက်ရာ ရောက်ပါက တရားဥပဒေအရ ပုဒ်မ ၅၀၀ ဖြင့်သာ အရေးယူသင့်ဟု ဦးရဲထွဋ်ဆို



Posted: November 11, 2016

မီဒီယာတစ်ခု၏ ရေးသားချက်သည် အသရေဖျက်ရာ ရောက်၍ တရားဥပဒေ အရ အရေးယူမည် ဆိုလျှင် ပုဒ်မ ၅၀၀ ဖြင့်သာ ဆောင်ရွက်သင့်သည်ဟု ယုံကြည်ကြောင်း ပြန်ကြားရေးဝန်ကြီး(ဟောင်း) ဦးရဲထွဋ်က နိုဝင်ဘာ ၁၁ ရက်တွင် ၎င်း၏ ကိုယ်ပိုင်အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

 

“ဒါမှ သက်ဆိုင်ရာ မီဒီယာ သို့မဟုတ် မီဒီယာသမား အနေနဲ့ သူ့ရေးသားချက်ဟာ သဘောရိုးနဲ့ အများပြည်သူ အကျိုးစီးပွား အတွက် ရေးတယ်ဆိုတာကို သက်သေပြခွင့်ရမယ်။ တရားစွဲသူ ဘက်ကလဲ အဲဒီရေးသား ဖော်ပြချက်ဟာ သဘောရိုးနဲ့ မဟုတ်ကြောင်း၊ အများပြည်သူ အကျိုးအတွက် မဟုတ်ကြောင်း သက်သေပြရပါမယ်။ ဒါ့ကြောင့် မီဒီယာသမားများ အတွက်လည်း အခွင့်အရေးရတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီ ကိစ္စနဲ့ ပတ်သက်ပြီး မိမိနစ်နာချက်ကို ဥပဒေအရ ဖြေရှင်းခွင့်ရတယ်။ fair play ဖြစ်တယ်လို့မြင်ပါတယ်”ဟု ဦးရဲထွဋ်က ရေးသားထားသည်။

 

ပြန်ကြားရေးဝန်ကြီးဌာနတွင် ၎င်းတာဝန်ယူခဲ့စဉ် ကာလအတွင်း ၀န်ကြီးဌာနအနေဖြင့် သတင်းမီဒီယာ များ၏ ရေးသားချက်များ အပေါ် ဖြေရှင်းရန် လိုအပ်သည့်အခါ သတင်းမီဒီယာ ကောင်စီနှင့် ဦးစွာညှိနှိုင်းကြောင်း၊ ညှိနှိုင်း၍ မရမှသာ ပုဒ်မ ၅၀၀၊ ပုဒ်မ ၂၅ တို့ကို သုံးခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) ကို သတင်းမီဒီယာသမားများ အပေါ် မသုံးသင့်ဟု ဆုံးဖြတ်ခဲ့ကြောင်းလည်း ၎င်းက ရေးသားထားသည်။

 

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အလဲဗင်း ပြသ၁နာမှာ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားပါ တယ်။ အလဲဗင်းမီဒီယာ ကိုယ်တိုင်ကလည်း အဲဒီပုဒ်မကို သုံးပြီး အခြားသူများအပေါ် အမှု ဖွင့် တိုင်ကြားထားမှုတွေ ရှိခဲ့တာကြောင့် သူ့ကို ပုဒ်မ ၆၆( ဃ)နဲ့အမှုဖွင့်တဲ့အပေါ် စာနာဝန်းရံမယ့် သူ အတော်နည်းမှာပါ” ဟုလည်း ၎င်း၏ အမြင်ကို ရေးသားထားသည်။ လတ်တလောတွင် အလဲဗင်းမီဒီယာဂရု ပိုင်ရှင် ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ ဖြင့် တာမွေရဲစခန်းတွင် အမှုဖွင့်ထားပြီး ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေသည်။ အဆိုပါ ပုဒ်မ ၆၆-ဃ မှာ လူ့အခွင့်ရေးအရ မသင့်လျော်ဟုဆိုကာ ပယ်ဖျက်ပေးရန် တောင်းဆိုခြင်း ခံနေရသော ပုဒ်မဖြစ်သည်။ အဆိုပါ ပုဒ်မမှာ အာမခံမပေးနိုင်သည့် ပုဒ်မဖြစ် သည်။ နောင်တွင် အနာဂတ်မီဒီယာများ၏ ရေးသားချက်နှင့် ပတ်သက်၍ နစ်နာသူများ အထူးသဖြင့် အစိုးရအဖွဲ့အစည်းများက မည်သည့် ပုဒ်မမျိုးဖြင့် တရားဥပဒေအရ ရင်ဆိုင်သင့်သည် ဆိုသည့် ကိစ္စကို မီဒီယာ အဖွဲ့အစည်းများ၊ မီဒီယာ သမားများအနေဖြင့် စဉ်းစားဆွေးနွေး ဆောင် ရွက်သင့်ပြီဟု ထင်ကြောင်း၊ အထူးသဖြင့် သတင်းမီဒီယာ သမားများ အတွက် သီးသန့်ရေးဆွဲထားသည့် သတင်းမီဒီယာ ဥပဒေ ကို တက်နိုင်သမျှ ပိုမိုသုံးစွဲခြင်းသည် ပိုပြီးသင့်လျော်မည်ဟု ထင်ကြောင်းလည်း ရေးသားထား သည်။

 

ဇော်မင်းထွန်း

The Ladies News

No comments:

Post a Comment