ရန်ကုန်၊ နိုဝင်ဘာ ၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည်ဆောက်ရာတွင် တိုင်းရင်းသား အားလုံး တန်းတူ ရည်တူ ပါဝင် ဖော်ဆောင်နိုင်ရေးသည် အထူး အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော (၆၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာတွင် ယင်းသို့ ပါရှိခြင်းဖြစ်သည်။
ပြည်ထောင်စု၏ နိုင်ငံရေး ပြဿနာများကို ဆွေးနွေး အဖြေရှာသည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ တစ်ဆင့် မိမိတို့ အားလုံး မျှော်မှန်းသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အခြေခံ မူဝါဒများ ထွက်ပေါ်လာမည်ဟု အခိုင်အမာ ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာတွင် ရေးသားထားသည်။
ကရင်ပြည်နယ်တွင် တိုင်းရင်းသား အချင်းချင်း ယုံကြည်မှု အားနည်းကာ လက်နက်ကိုင် ပဋိပက္ခများကြောင့် ကရင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့ရပြီး စစ်ဘေး စစ်ဒဏ်ကြောင့် ထိခိုက် ဆုံးရှုံးခဲ့ရသော ဆုံးရှုံးမှုများ သာမက နှစ်ပေါင်း များစွာအတွင်း မျိုးဆက်အလိုက် လူငယ်များ၏ အနာဂတ်များ ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံတော် သမ္မတက ထောက်ပြ ရေးသားထားသည်။
လက်ရှိ ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် လာမှုကြောင့် ပြည်နယ်သူ ပြည်နယ်သားများ အနေနှင့် ငြိမ်းချမ်းရေး၏ အနှစ်သာရကို ခံစားနေကြရပြီး တိုက်ပွဲများဖြင့် ယမ်းငွေ့ဝေခဲ့ သော ကရင်ပြည်နယ်သည် မကြာခင် ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများဖြင့် စည်ပင်လာတော့မည် ဖြစ်သောကြောင်း အားတက်ဝမ်းသာ ဖြစ်မိကြောင်း ယင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ထို့ကြောင့် ကရင်တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးအနေနှင့် ရှေ့ဆက်၍ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ခေတ်မီ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် စည်းလုံး ညီညွတ်စွာ ပူးပေါင်း ပါဝင်ပေးကြရန် သဝဏ်လွှာတွင် သမ္မတက တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်နယ်၊ တိုင်းများ ဖွဲ့စည်း တည်ထောင်ရာတွင် ကရင်လူမျိုးများ နေထိုင်သော ဒေသများကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ပါလီမန်တွင် ထည့်သွင်း စဉ်းစားလာကြပြီး ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အက် ဥပဒေအရ သံလွင်ခရိုင် ဖာပွန်ဒေသကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။
၁၉၅၁ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးခဲ့သော နိုဝင်ဘာလ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ စတင်၍ ကရင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့ခြင်း ဖြစ်သည်။
the voice
No comments:
Post a Comment