Wednesday, September 14, 2016

ဖိလစ်ပိုင်မှ အမေရိကန်တပ် အားလုံး ထွက်သွားစေလိ ဟု ဒူတာတေး ပြောကြား

မနီလာ၊ စက်တင်ဘာ ၁၂ 

ဖိလစ်ပိုင်တောင်ပိုင်းရှိ မွတ်ဆလင် အစွန်းရောက်များနှင့် တိုက်ခိုက်နေသော အစိုးရတပ်များကို အကြံ ပေးနေသေည့် အမေရိကန် တပ်ဖွဲ့ အားလုံး ထွက်သွားစေလိုသည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားခဲ့ကြောင်း VOA သတင်းက ဖော်ပြသည်။

စက်တင်ဘာလ ၁၂ ရက်နေ့က  အသစ် ခန့်အပ်လိုက်သည့် အစိုးရ တာဝန်ရှိသူများကို မိန့်ခွန်း ပြောရာတွင် တောင်ပိုင်းမှ  မွတ်ဆလင် စစ်သွေးကြွများကို ထိန်းချုပ်ရ ခက်ခဲနေခြင်းအတွက် ဒူတာတေးက အမေရိကန်ကို အပြစ်ဖို့ခဲ့သည်။ 

ယင်းမှာ နိုင်ငံတွင်း အမေရိကန်တပ်များ ရှိနေခြင်းကို ပထမဆုံးအကြိမ် လူသိ ရှင်ကြား ဆန့်ကျင်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံး ဆုတ်ခွာပေးရမည့်ရက် သို့မဟုတ် ဆုတ်ခွာမှုကို မည်သို့မည်ပုံလုပ် ဆောင်မည်ကို ဆိုခြင်းကိုမူ ဒူတာတေးက မပြောခဲ့ပေ။ 

သို့ရာတွင် စစ်ဆင်ရေး အရှိန်မြင့် လာချိန်တွင် အမေရိကန်များသည် IS နှင့် ချိတ်ဆက်နေသည့် အဘူဆေယက်ဖ် စစ်သွေးကြွများအတွက် တန်ဖိုးကြီး ပစ်မှတ်ကောင်းများ ဖြစ်နေသည် ဆိုသည့်အချက်ကိုမူ ထောက်ပြသွားသည်။ 

“အဲဒီအထူးတပ်ဖွဲ့တွေ၊ သူတို့ သွားမှ ရမယ်၊ သွားရပါမယ်။ အမေရိကန်နဲ့တော့ အကွဲအပြဲ မဖြစ်ချင်ပေမဲ့ သူတို့ သွားရပါမယ်။ ဒီလိုမှ မဟုတ်ရင် ပိုတင်းမာလာလိမ့်မယ်။ သူတို့ (မွတ်ဆလင် စစ်သွေးကြွ)တွေက အမေရိကန်တွေကို တွေ့ရင် တစ်ကယ်သတ်မှာပဲ။ ပြန်ပေးဆွဲပြီး ငွေတောင်းမယ်၊ ပြီးရင် သတ်ကြလိမ့်မယ်”ဟု ဒူတာတေးက ပြောကြားခဲ့သည်။

ဒူတာတေး၏ မှတ်ချက်မှာ “အသုံး မဝင်”ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ဝေဖန်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက “ဖိလစ်ပိုင် အစိုးရထံက ဒီလိုဖြစ်လာဖို့၊  ဒီလို လုပ်ဖို့ရည်ရွယ်တဲ့ တရားဝင် ဆက်သွယ်မှု တစ်စုံတစ်ရာ မရသေးပါဘူး။  ပိုအရေးကြီးတာက ကျွန်တော်တို့ အနေနဲ့ ဖိလစ်ပိုင်မှာ မဟာမိတ် အနေနဲ့ ထားရှိတဲ့ ကတိကဝတ်ကို ဆက်ထိန်းသိမ်းထားဖို့ပါပဲ” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် တစ်ပတ်ကလည်း ဒူတာတေးသည် အမေရိကန်သမ္မတ ဘားရက် အိုဘားမားကို ဆဲဆိုခဲ့မှုကြောင့် အိုဘားမားသည် လာအိုတွင် ကျင်းပသော အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ၌ ဒူတာတေးနှင့် သီးခြား တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။ 

နောက်ပိုင်းတွင်မူ ခေါင်းဆောင် နှစ်ဦးသည် ထိပ်သီး ဆွေးနွေးပွဲ အထိမ်းအမှတ် ညစာ စားပွဲ မတိုင်မီ အလွတ်သဘော ခေတ္တ တွေ့ဆုံခဲ့ကြသည်။

ဒူတာတေးသည် ပြီးခဲ့သည့်ဇွန်လ သမ္မတ ဖြစ်လာပြီး ကတည်းက အမေရိကန်နှင့် ဆက်ဆံရေး တင်းမာစေခဲ့သူ ဖြစ်ပြီး အမေရိကန်၏ လုံခြုံရေး မူဝါဒများကို လူသိ ရှင်ကြား ဝေဖန်ခဲ့သည်။ 

မဲဆွယ် ကာလတွင်လည်း ဖိလစ်ပိုင်၏ အရေးပါသော မဟာမိတ် အမေရိကန်ကို မှီခိုခြင်း မပြုသည့် နိုင်ငံခြားရေး မူဝါဒကို ချပြခဲ့သည်။

၂ဝဝ၂ ခုနှစ်မှစပြီး ဖိလစ်ပိုင် တောင်ပိုင်းရှိ အယ်လ်ကေဒါနှင့် အချိတ်အဆက်ရှိ  အဘူဆေယက်ဖ် စစ်သွေးကြွများကို နှိမ်နင်းနေသော ဖိလစ်ပိုင် တပ်များကို အမေရိကန် စစ်ဘက်က လေ့ကျင့်ပေးမှု၊ အကြံပေးမှု၊ ထောက်လှမ်းရေး သတင်း အချက်အလက် နှင့် လက်နက် ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။ 

၂ဝ၁၅ ဖေဖော်ဝါရီလတွင် အမေရိကန်တပ်များ ပြန်လည် ဆုတ်ခွာခဲ့ပြီး စစ်ဘက် အကြံပေး အချို့သာ ဆက်လက် ကျန်ရှိခဲ့သည်။  

No comments:

Post a Comment