လန်ဒန်၊ စက်တင်ဘာ ၁၃
ဗြိတိန်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို ကူညီပံ့ပိုး သွားမည်ဟု ဝန်ကြီးချုပ်သစ် ထရီဇာမေက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားလိုက်ကြောင်း Daily Mail သတင်းစာက ရေးသား ဖော်ပြသည်။
ဝန်ကြီးချုပ် ထရီဇာမေသည် မြန်မာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် ရုံးခန်းတွင် ကြိုဆို တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဗြိတိန်အနေနှင့် မြန်မာနိုင်ငံ၏ လက်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ စနစ် ဖော်ဆောင်ရေးတို့ကို ပံ့ပိုးကူညီသွားရန် သန္နိဋ္ဌာန် ချမှတ်ထားကြောင်း ပြောကြားသည်။
နိုဝင်ဘာလ ဒီမိုကရေစီ ရွေးကောက်ပွဲနောက်ပိုင်း NLDအစိုးရလက်ထက် ပထမဆုံး ဥရောပဒေသ ခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ် ထရီဇာမေတို့သည် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးတို့အတွက် ဗြိတိန်နိုင်ငံဘက်က ကူညီပေးနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု ဗြိတိန် သတင်းမီဒီယာများက ဖော်ပြသည်။
အမှတ် ၁ဝ ဒေါင်းနင်းလမ်း ရုံးခန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့လျှင် တွေ့ချင်း ဆိုသလိုပင် မစ္စထရီဇာမေက မြန်မာနိုင်ငံအတွက် လုပ်ဆောင်ပေးရမည့်ကိစ္စပေါင်း များစွာ သေချာပေါက် ရှိနေကြောင်း ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်းအနေနှင့် အမှတ် ၁ဝ ဒေါင်းနင်းလမ်းသို့ လာရောက်ရသည့်အတွက် အထူးပင် ဝမ်းမြောက်မိကြောင်း ပြောဆိုပြီး နှစ်ဦးစလုံး နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအပေါ် အလေးထား ဆွေးနွေးကြသည်။
ဒေါ်အောင်ဆန်းစုကြည် ဒေါင်းနင်းလမ်းသို့ မလာရောက်မီ နံနက်ပိုင်းတွင် ဗြိတိန် ဝန်ကြီးချုပ်၏ ပြောရေး ဆိုခွင့်ရှိသူက “ဒါဟာ မြန်မာနဲ့ ဗြိတိန် နှစ်နိုင်ငံစလုံးအတွက် အခွင့်အရေး တစ်ရပ်ဖြစ်မှာပါ၊ နောက်ပြီး မြန်မာနိုင်ငံမှာ လက်ရှိ အကောင်အထည် ဖော်နေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ လူ့အခွင့်အရေး တိုးတက် ကောင်းမွန်ရေး စတာတွေအတွက်လည်း အခွင့်အရေး တစ်ခုပါပဲ”ဟု သတင်းထောက်များကို ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်ဆင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံခဲ့ရာတွင် ဘောရစ် ဂျွန်ဆင်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းထူထောင်မှုနှင့် ပတ်သက်၍ ကြိုဆိုကြောင်း ထုတ်ဖော် ပြောဆိုပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမှာ သမိုင်းတွင်သည့် အောင်မြင်ဖြစ်ထွန်းမှု တစ်ရပ်ဖြစ်သည်ဟုလည်း ချီးမွမ်းခဲ့သည်။
No comments:
Post a Comment