ယခုလပိုင်းအတွင်း ထားဝယ်နှင့် မြိတ်ဒေသတို့တွင် ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံသားများ ဈေးလိမ်ရောင်းသည်နှင့် ပတ်သက်ပြီး ဒေသ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ပြီးခဲ့သည့်လက မြိတ်ခရိုင်အတွင်း ဖြစ်ပွားခဲ့ပြီး ယခုလတွင် ထားဝယ်ဒေသရှိ ကျေးလက်အချို့တွင် နိုင်ငံခြားသားများ လိမ်လည်ဈေးရောင်းချမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။
ယင်းဈေးရောင်းသည့် ထိုင်းအဖွဲ့တွင် ပါဝင်သည့် စကားပြန် ဖြစ်သူမှာ မြိတ်အသံဖြင့် စကားပြောနေပြီး အိမ်တိုင်းကို ဝင်ရောက်ရောင်းချခြင်း မဟုတ်ဘဲ သက်ကြီးရွယ်အိုသာ ရှိသည့် အိမ်များနှင့် ငွေကြေးတတ်နိုင်သည်ဟု ထင်ရသည့် အိမ်များတွင်သာ လိုက်လံရောင်းချခြင်း ဖြစ်နိုင်ကြောင်း ကနိုင်းဒါရွာမှ ဦးသံရိုးက ပြောသည်။ ရောင်းချပုံမှာ အဝတ်မွှေးအရည် ၃ ထုပ်ကို ကျပ် ၁၀၀၀ ဖြင့် ရောင်းချပြီး ယင်းအဝတ်မွှေး အရည်များတွင် ကံစမ်းမဲပါသည်ဟုဆိုကာ ကံစမ်းမဲအား ဖွင့်ဖောက်ကြည့်လျှင် ပစ္စည်းတစ်ခုပေါက်ပြီး ယင်းပစ္စည်းအား မတန်တဆဈေးဖြင့် ဝယ်ယူရခြင်း ဖြစ်သည်။
“ကားကိုလည်း လမ်းမပေါ် ပေါ်တင်ရပ်မထားဘူး၊ ပျာယာခတ်ပြီး ရောင်းနေတာ၊ ဂက်စ်မီးဖိုတစ်ခုနဲ့ လွှဖြတ်စက် တစ်လုံးပေါက်တာ ဂက်စ်မီးဖိုပဲ ဝယ်ခဲ့တယ်” ဟု ထားဝယ်မြို့နယ် အလယ်ကုန်းရွာမှ ဦးအောင်စိုးက ဆိုသည်။
ယင်းဂက်စ်မီးဖို (ဂက်စ်အိုးမပါ) တစ်လုံးအတွက် ဦးအောင်စိုး ငွေ ကျပ် ၇ သောင်း ပေးလိုက်ရသည်။
ယင်းမီးဖိုးတစ်လုံး၏ ဈေးကွက်ပေါက်ဈေးမှာ ကျပ် ၃၅၀၀၀ သာ ရှိသည်။ ယင်းကံစမ်းမဲတွင် ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ လွှဖြတ်စက်၊ တီဗီအစ ရှိသည့် ပစ္စည်းများ မဲပေါက်နိုင်သည်ဟု ဆိုကာ လာရောက်ရောင်းချခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“မဲပေါက်တဲ့ ပစ္စည်းကို မယူရင် လုံးဝမရဘူးဆိုလို့ ဂက်စ်မီးဖိုတစ်ခုကို ခြောက်သောင်းကျပ်နဲ့ ဝယ်ခဲ့ရတယ်” ဟု ဦးသံရိုးက ပြောသည်။
အဝတ်မွှေးရည် ၃ ထုပ်ကို ကျပ် ၁၀၀၀ ဖြင့် ရောင်းချခဲ့သလို ၃ ထုပ် ကျပ် ၁၀၀ ဖြင့် ရောင်းချမှုများလည်းရှိပြီး ကျေးရွာတစ်ရွာနှင့် တစ်ရွာ မတူပေ။ ယင်းကဲ့သို့ လိမ်လည်ကာ ဈေးရောင်းချနေမှုများအား သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက တားဆီးရန် တာဝန်ရှိပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၏ လပတ်အစည်းအဝေးတွင်လည်း ယင်းကဲ့သို့ တားဆီးရန် ညွှန်ကြားထားကြောင်း ကနိုင်းဒါကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးက ဆိုသည်။
“အခုရွာထဲမှာ ဖြစ်သွားတဲ့ ကိစ္စက မသိလိုက်လို့ မတားဆီးနိုင်ဘဲ ဖြစ်သွားတာ၊ လက်လှမ်းမီသလောက် အရန်မီးသတ်တွေနဲ့ ပူးပေါင်းပြီး တားဆီးသွားမယ်” ဟု အုပ်ချုပ်ရေးမှူး ဦးဖေအေးက ပြောသည်။ ထားဝယ်ဒေသ ကျေးရွာများတွင် ယင်းကဲ့သို့ လိမ်လည်ရောင်းချမှုများ ပုံစံမျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည်ကြောင်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံသားများအပြင် တရုတ်နိုင်ငံသားများလည်း အုပ်စုလိုက်လာကာ အင်္ကျီကဲ့သို့သော ပစ္စည်းများကို ကျေးလက်ဒေသရှိ ရွာများတွင် ဆိုင်ကယ် ကယ်ရီငှားကာ လိုက်လံရောင်းချမှုများ ရှိကြောင်း ဆိုင်ကယ်ကယ်ရီသမားများက ဆိုသည်။
နိုင်ငံခြားသားများ ပြည်တွင်းတွင် ဈေးရောင်းချမည် ဆိုပါက စီးပွားရေးဗီဇာဖြင့်သာ လာရောက်ရမည်ဖြစ်သည်။
အခင်းဖြစ်ပွားသည့် နေရာများတွင် ရဲနှင့် လ.ဝ.က ကဲ့သို့သော တာဝန်ရှိသူများ အမြဲတမ်း ရှိနေနိုင်မည် မဟုတ်သဖြင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းတားဆီးသင့်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ထားဝယ်မြို့နယ် ဦးစီးမှူးက ပြောသည်။
“အုပ်ချုပ်ရေးမှူးက တားရင်ရတာပေါ့၊ နိုင်ငံခြားသားတွေ ဒီလိုရောင်းခွင့် မရှိဘူးဆိုပြီး ဝိုင်းဝန်းတားဆီးရမှာ” ဟု ထားဝယ်မြို့နယ် ဦးစီးမှူး ဦးမျိုးကျော်သူက ဆိုသည်။ယင်းကဲ့သို့ တရားမဝင် လာရောက်ရောင်းချနေပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့အား တိုင်ကြားနိုင်သလို လ.ဝ.ကထံ လည်း တိုင်ကြားနိုင်ကြောင်း ၎င်းက ပြောသည်။ ပြီးခဲ့သည့်အပတ်က ဟိန္ဒားဒေသတွင်လည်း ယင်းကဲ့သို့ လာရောက်ရောင်းချနေသည့်အတွက် မသင်္ကာသဖြင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရာ ရဲတပ်ဖွဲ့က သွားရောက်တားဆီးကြောင်း ဟိန္ဒားကျေးရွာမှ မစုစုက ဆိုသည်။ ရဲတပ်ဖွဲ့မှ ရွာသို့ ပြန်ခေါ်လာကာ ၎င်းတို့ယူသွားသည့် ပစ္စည်းဖိုး ကျပ် ၇ သောင်းကို ပြန်ပေးစေခဲ့သည်။
“နောက်တစ်ခါ မဲဖောက်တာတွေ မလုပ်နဲ့ တရားမဝင် ပစ္စည်းတွေကို ဒီလိုလုပ်ခွင့်မရှိဘူး ဆိုပြီး ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်” ဟု မစုစုက ပြောသည်။ မြောင်းပြိုရွာ အပါအဝင် ဟိန္ဒားဒေသတွင် အဆိုပါ ထိုင်းနိုင်ငံသားများ လိမ်လည်ရောင်းချခဲ့သည့် အိမ်များအားလုံးကို ငွေပြန်အမ်းပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ သို့သော် အခြားကျေးရွာများတွင်မူ အလိမ်မိခဲ့ကြသည်။
နယ်စပ်နှင့် မြို့အဝင်ဂိတ်များတွင် စစ်ဆေးခြင်းမှာ အလွန်အရေးကြီးပြီး အတွင်းစည်း အပြင်စည်း လုံခြုံနေပါက ယင်းကဲ့သို့ ဖြစ်စရာအကြောင်း မရှိဟု ထားဝယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဝေဖန်သည်။
“တရားဥပဒေစိုးမိုးမှု ရှိရင် ဒါတွေက ဖြစ်လာစရာအကြောင်း မရှိဘူး” ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။
daweiwatch.com မှ ရယူဖော်ပြသည်။
No comments:
Post a Comment