Tuesday, September 13, 2016

ကျိုက်ထီးရိုးစေတီ ၀တ္တကမြေအတွင်း ဓမ္မာရုံများတွင် အခမဲ့တည်းခိုနိုင်မည်

စေတီအနီးတစ်ဝိုက်ရှိ ကန်ထရိုက်စနစ်အလှူခံများကို ဖျက်သိမ်းရန်ပြင်

စားသောက်ဆိုင်၊ တည်းခိုခန်းနှင့် လူနေအဆောက်အအုံများပြည့်နေသည့် ကျိုက်ထီးရိုးစေတီတည်ရှိရာ ဝန်းကျင်ကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ကျိုက်ထီးရိုးစေတီတော် ၀တ္တကမြေအတွင်း တည်းခိုခန်း ပြုလုပ်ထားသည့် ဓမ္မာရုံများကို ပြည်သူများ အခမဲ့တည်းခိုနိုင် မည့် ဓမ္မာရုံများအဖြစ် ပြန်လည် ပြုပြင်မည်ဖြစ်ပြီး စေတီတော်နှင့် အနီးတစ်ဝိုက်နေရာများရှိ ကန် ထရိုက်စနစ်ဖြင့် အလှူခံနေမှု များကို ဖျက်သိမ်းမည်ဟု သတင်း ရရှိသည်။

နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့၏ သြ၀ါဒနှင့်ဝန်ကြီးဌာန မူဝါဒများအရ စေတီတော်တွင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်မှုမရှိသည့် လုပ်ငန်းအသီးသီးကို ဥပဒေနှင့် အညီဖြစ်စေရန် စီမံကြီးကြပ် မည်ဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်း ရှင်များ လိုက်နာရန် ပျက်ကွက် ပါက တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်ကိုယ်စား တရားစွဲဆို အရေးယူ ဆောင်ရွက်မည်ဖြစ် ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနက စက်တင် ဘာ ၁၂ ရက်တွင် ထုတ်ပြန် သည်။

ကျိုက်ထီးရိုးစေတီတော်ကို အကြောင်းပြု၍ စီးပွားရေးလုပ် ငန်းရှင်အချို့က ဥပဒေမဲ့စွာ ဟို တယ်နှင့် တည်းခိုခန်းများ တည် ဆောက်ခြင်းကြောင့် ရှေးဟောင်း အဆောက်အအုံများ၏ မြင်ကွင်း များ၊ သဘာဝပတ်ဝန်းကျင်မြင် ကွင်းများကို အဟန့်အတားဖြစ်စေ နိုင်ကာ အထပ်မြင့်ဟိုတယ်များ ကြောင့် မူလမြေသားခိုင်မာမှု ပျက်စီးစေ၍ မြေသားပြတ်ရွေ့မှု များ ဖြစ်ပေါ်လာစေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

စေတီတော်ဝတ္တကမြေ အ တွင်း တည်းခိုခန်းပြုလုပ်ထား သည့် ဓမ္မာရုံများကို ရဟန်းရှင်လူ ပြည်သူများ အခမဲ့ တည်းခိုခွင့် ရရှိရေး သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ပြုပြင်ဆောင်ရွက်ခြင်း၊ ကန်ထ ရိုက်ပေး၍ အလှူခံနေခြင်းကို ဖျက်သိမ်းခြင်း၊ ရွှေဆိုင်းတင်ဒါ ပေးသွင်းမှုစနစ် မှန်ကန်ရေးကို ကြီးကြပ်ဆောင်ရွက်ခြင်း စသည့် လုပ်ဆောင်ချက်များကိုသာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်မည်ဟုဆိုသည်။

‘‘ဒီထုတ်ပြန်ချက်တွေ အ တိုင်း ဆောင်ရွက်မယ်ဆိုတာ အ  သိပေးတာပါ။ လုပ်ငန်းစလုပ်မယ့် အချိန် အတိအကျကိုထပ်ပြီးထုတ် ပြန်ပေးပါ့မယ်’’ ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ ညွှန် ကြားရေးမှူး ဦးအောင်ဆန်းဝင်း ကပြောသည်။

ရိုးရိုးလေး ကုမ္ပဏီက တည် ဆောက်ထားသော ဥပဒေနှင့်အညီ ခွင့်ပြုထားသည့် ဟိုတယ်အခန်း ၁၃၅ ခန်းအပြင် ဥပဒေမဲ့ဆောက် လုပ်ခဲ့သည့် အခန်း ၁၀၆ ခန်းကို ပိတ်သိမ်းရေး အပါအ၀င် သတ်မှတ်အမြင့်ပေ ၃၀ ထက် ကျော်လွန် ဆောက်လုပ်သည့် ဟိုတယ် အဆောက်အအုံများကို ခေတ်မီနည်းပညာသုံး၍ ဖျက် သိမ်းရေးတို့ကို ၀န်ကြီးဌာနကစီမံ ကြီးကြပ်မည်ဟု ဖော်ပြပါရှိသည်။

အထက်ပါကိစ္စရပ်များအပြင် စေတီတော်သို့ နေစဉ်လာရောက် နေသည့် ဘုရားဖူးပြည်သူများအား စေတီတော်ရင်ပြင်၊ ရသေ့တောင်၊ ကင်ပွန်းစခန်း၊ ရေမြောင်ကြီး၊ ကျီးကန်းပါးစပ် အပါအ၀င် အ ခြား အလှူခံဌာနများသို့ ကန်ထ ရိုက်ပေးဆောင်ရွက်သော လုပ် ငန်းများ ဖျက်သိမ်းကာ အလှူခံ ဖြတ်ပိုင်းများဖြင့် အလှူခံခြင်း စသည့် နည်းလမ်းများဖြင့် ဂေါပ က အဖွဲ့က ဆောင်ရွက်နိုင်ရေး ၀န်ကြီးဌာနက ကြီးကြပ်လမ်းညွှန် မည်ဟု ဆိုသည်။

ထို့အပြင် စေတီတော်ကြီး၏ ဗုဒ္ဓဝေယျာဝစ္စကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီးဌာနနှင့်ပြည် နယ်အစိုးရ အဖွဲ့၏ ကွပ်ကဲမှု အောက်တွင် ထားရှိမည်ဖြစ်ကာ ၎င်းတို့ကိုယ်စား အသစ်ဖွဲ့စည်း ထားသည့် ဂေါပကအဖွဲ့ကအနီးကပ် ကြီးကြပ်တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

No comments: