Monday, August 22, 2016

၂၁ ရာစုပင်လုံသို့ အင်အားအကြီးဆုံး အဖွဲ့ဖြစ်သည့် UWSA “၀” တပ်ဖွဲ့ တက်ရောက်ရန် အစီအစဉ်ရှိဟု “၀” တပ်ဖွဲ့ တာဝန်ရှိသူဆို

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေး သို့ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA တက်ရောက်ရန် အစီအစဉ် ရှိကြောင်း “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ နိုင်ငံခြားရေးဌာန အကြီးအကဲဖြစ်သူ ဦးဆမ်ခွန်းက သြဂုတ် ၂၂ ရက်တွင် The Ladies သို့ပြောသည်။
 
“သိပ်တော့ သေချာလား၊ မသေချာလားမသိဘူး။ တက်ဖို့တော့ အဆင်သင့် အစီအစဉ်ရှိတယ်။ အခုလောလောဆယ် ကျွန်တော်လည်း ပန်ခမ်းမှာ အခုမရှိဘူး။ မိုင်းမောအိမ်မှာ ခွင့်နဲ့ ပြန်နေလို့” ဟု ဦးဆန်ခွန်းက ပြောသည်။
 
“၀” ဌာနချုပ် ပန်ဆန်း ( ပန်ခမ်း )မှ ပြောခွင့်ရ ဦးကျော်ကော်အန်းအား တိုက်ရိုက် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
 
၂၁ ပင်လုံကျင်းပရေး ကော်မတီမှ ဦးလှမောင်ရွှေကလည်း “၀” တပ်ဖွဲ့မှာ တက်ရောက်ရန် အစီအစဉ်ရှိနေသည်ဟု သြဂုတ်လ ၂၁ ရက်နေ့က The Ladies News သို့ ပြောထားသည်။
 
“၀” တပ်ဖွဲ့၏ မဟာမိတ်ဖြစ်သည့် မိုင်းလား NDAA မှာ ရန်ကုန်တွင် လတ်တလော ပြုလုပ်နေသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ဆွေးနွေးမှုများသို့ တက်ရောက်နေပြီး ၂၁ ပင်လုံ တက်ရန် အလားလာရှိသည်ဟု ဆွေးနွေးပွဲ တက်ရောက်နေသူများက ဆိုကြပါသည်။
 
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနှင့် DPN ကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ရန်ကုန်မြို့တွင် သုံးရက်ကြာ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်နေပြီး အပစ်ရပ်လက်မှတ် ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များအနေဖြင့် ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ရန် အလားအလာ ကောင်းကြောင်းလည်း UNFC က ပြောဆိုထားသည်။
 
၂၁ ရာစု ပင်လုံညီလာခံကျင်းပမည့် သြဂုတ်လ ၃၁ တွင် နိုင်ငံရေးအရ ဆွေးနွေးဆုံးဖြတ်မှု များ ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံရေး စာတမ်းဖတ်ကြားခြင်း တင်ပြခြင်းတို့ကိုသာ ပြုလုပ်နိုင်မည်ဖြစ်ပြီး ယင်းနောက်ပိုင်း ကျင်းပသည့် ဒုတိယမြောက် ညီလာခံတွင် နိုင်ငံလုံးဆိုင်ရာ အပစ်မရပ်သေးသည့် အဖွဲ့ များမှာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးရန် လိုအပ်လာမည်ဖြစ်သဖြင့် နိုင်ငံရေးအရ အာမခံနိုင်မှုနှင့် လွတ်လပ်စွာ ဆွေးနွေးနိုင်မှုများအပေါ် ညှိနှိုင်းလျက်ရှိနေကြောင်း သိရသည်။
 
ဇော်မင်းထွန်း
The Ladies News

No comments:

Post a Comment