Saturday, August 6, 2016

မမောသေးဘူးလား ကိုဝေဠုကျော် ! သူများတွေလို ဟန်ဆောင်လေး လုပ်ပြပြီး Selfie လေး ခဏဆွဲ အရိပ်ထဲ နေပါတော့လား ? ခင်ဗျား အစား ပင်ပမ်းလိုက်တာဗျာ။


အခုတော့ !
ရေကြီးလည်းပါ မီးလောင်လည်းပါ
တောင်ပြိုလည်းပါ မြေကျွံလည်းပါ
အများပြောတဲ့ ပရဟိတ အလုပ်ဆိုတာ
ဒါကို ပြောတာထင်ပါ့။
ဟန်ဆောင်တော့ မလုပ်တတ်ဘူးနော်။

ကောက်ရိုးမီး တစ်ပွဲတိုးနဲ့ . . .
မိတ်ကပ်အမျိုးမျိုး လိမ်းသူတွေလောက်
ခင်ဗျား နာမည်မကြီးတာ ကျုပ်ရင်နာတယ်။

ဘယ်သူသိမှာလဲ ခင်ဗျားကို . . .
တောကြိုအုံကြား ချောင်းရိုးနားက
ဝေးသီခေါင်ဖျား ဒေသ ဒုက္ခရောက်သူတွေဆီမှာ
နေ့ညမရွေး အိပ်စက်ခြင်းတွေနဲ့
ကင်းဝေးနေတာကိုပေါ့။

ပိန်လိုက်တာဗျာ !
ဒုက္ခရောက်နေသူတွေဆီက
ပူလောင်မှုသောကတွေများ ကူးစက်နေရော့သလား ?
အသွားအလာ ဂရုမစိုက်ရင်တောင်
အစားအသောက်လေးတော့ မပျက်စေနဲ့ဦး။
ခင်ဗျား သွားတဲ့ လမ်းတစ်လျှောက်က
မျှော်လင့်ခြင်း မျက်ဝန်းအစုံတွေ
ဖျော့တော့ မှေးမှိန်မှာစိုးလို့။

တစ်ခုတော့ ကျေနပ်တယ် . . .
ဒေါက်တာဘွဲ့ကြီး ရှေ့က တပ်ခွင့်ရလို့
ဒါပေမယ့် - - -
ခင်ဗျားက မမက်မောလောက်ပါဘူး။
ကယ်တယ်ခြင်း လက်တွေနဲ့ပဲ
ချိတ်တွဲ ဆွဲငင်နေတဲ့လူ
အပူတွေ ဝေမျှ
သောကတွေ ခြွေချပေးတတ်တဲ့
ခင်ဗျားလိုလူမျိုးပဲ
တိုင်းပြည်က အားကိုးချင်တာလေ။

ထိုက်တန်ပါတယ် . . .
ပရဟိတဆိုတဲ့ နေရာစစ်စစ်ကြီးထဲမှာ
ခင်ဗျားလုပ်သလို ဘယ်သူမှ မလုပ်နိုင်
လုပ်နိုင်တယ်ထားဦး ခင်ဗျားလို ဇွဲမရှိနိုင်ဘူး
ဇွဲရှိတယ်ထားဦး အပင်ပမ်း မခံနိုင်လောက်ဘူး
စိတ်ကူးနဲ့ ရူးကြည့်တာတောင် ချွေးပြန်နေရတဲ့ ဘဝ
အားကျရင်း လေးစားနေမိတယ်ဗျာ••••

Thein Win Oo

No comments: