Tuesday, August 30, 2016

သဘင်လုပ်သားများ လုပ်ခဖြတ်တောက်ခံရသည်ဆိုကာ လူရွှင်တော်တစ်ဦး မော်လမြိုင်တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇာတ်တည်ထောင်သူများမှ သဘင်လုပ်သားများ၏ လုပ်အားခများကို အကြောင်း အမျိုးမျိုးဖြင့် ဖြတ်တောက်နေသည်ဟုဆိုကာ မွန်ပြည်နယ် သဘင်ပညာရှင်များ အစည်းအရုံး ရှေ့၌ သြဂုတ် ၂၉ ရက်၊ နံနက်ပိုင်းတွင် လူရွှင်တော်တစ်ဦးမှ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
 
“လုပ်အားခ အပြည့်အဝမရသေးဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဖြတ်တောက်ခံရတယ်။ ဇာတ်တည်ထောင်သူတွေက ကျွန်တော်တို့ သဘင်လုပ်သားတွေအပေါ် အာဏာရှင်ဆန်ဆန် ဖိခြင်းခံရတယ်။ ဒီလိုအခြေအနေကို သဘင်လုပ်သားထု တစ်ရပ်လုံး ခံစားနေရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သဘင်လုပ်သားတွေက ဇာတ်ဆရာရဲ့အလို အတိုင်း ဇာတ်ဆရာအလိုကျ နေနေရတယ်၊ ဘာမှမပြောနိုင်ဘူး။ ဒါကြောင့် သဘင်လုပ်သားတွေရဲ့ ကိုယ်စား ကျွန်တော်က တစ်ကိုယ်တော် ဆန္ဒပြရခြင်းဖြစ်တယ်”ဟု တစ်ကိုယ်တော်ဆန္ဒပြသူ ဦးလှဌေးဦး(ခ)လူရွှင်တော် ဂွတ်ရှယ်ကပြောသည်။
 
သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)အဖွဲ့မှ ချမှတ်ထားသည့် စည်းမျဉ်းအပိုဒ်ခွဲ(၅)တွင် ဇာတ်တည်ထောင်သူ များအနေဖြင့် သဘင်လုပ်သားများထံမှ ကူချီ(ဇာတ်ရာသီ နှစ်တစ်နှစ်ကုန်ဆုံးပါက (၅)ရက် (သို့မဟုတ်)(၇)ရက် လုပ်သားများ လုပ်အားခမရဘဲ အခမဲ့ ကပေးရသည်)လုံးဝမယူဘဲ နွေကြေး၊ မိုးကြေးခွဲခြား၍ သတ်မှတ်ခြင်းမပြု ရ၊ တစ်ညကလျှင် တစ်ညကြေးပေးချေရမည် စသည့်အချက်များ ပါဝင်သော်လည်း လက်ရှိအခြေအနေတွင် သဘင်လုပ်သားများမှာ အဆိုပါအချက်များကို ခံစားခွင့်မရရှိကြောင်း သိရသည်။
 
သဘင်လုပ်သားများအနေဖြင့် ဇာတ်တည်ထောင်သူများ ချမှတ်သည့် စည်းကမ်းများ ဖောက်ဖျက်ပါက ညကြေးများ ဖြတ်တောက်ခံရမှုများ၊ အချိန်နှင့် ကရသည့်ပွဲများ၊ ရုံပွဲများ၊ မြို့ပေါ်ကသည့်ပွဲများနှင့် ဇာတ်ပွဲငှားရမ်းခ နည်းပါးစွာ ရရှိသည့်ပွဲများတွင် ညကြေးလုပ်အားခများ တစ်ဝက်သာရရှိခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။
 
ထို့အပြင် ဗဟိုအဖွဲ့မှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း အပိုဒ်(၃)တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များဖြစ်သည့် ဇာတ်တည်ထောင်သူများ အနေဖြင့် အဖွဲ့အစည်းအတွင်း မိမိကိုယ်ပိုင်ရေးဆွဲသော စည်းကမ်းချက်ဖြင့် ဖွဲ့စည်းနိုင် ပြီး ရေးဆွဲထားသည့် စည်းကမ်းချက်များကို သဘင်အစည်းရုံးသို့ တင်ပြရမည်ဟုပါရှိကြောင်း ဦးလှဌေးဦး(ခ) လူ ရွှင်တော် ဂွတ်ရှယ်ကပြောသည်။
 
“သူ့ဇာတ်ရဲ့စည်းမျဉ်းကို သူကိုယ်တိုင်ချခွင့်ရှိတယ်လို့ ဖော်ပြထားတယ်။ အခုမိုးတွင်းကာလ ဒီအချိန်မှာ ဇာတ်တည်ထောင်သူတွေဆီကနေ ကျွန်တော်တို့ နောက်နှစ်အတွက် စပေါ်ငွေကြိုယူရတယ်။ မယူရင်လည်း စားစရာမရှိဘူး။ ဒီအပေါ်မှာ ကျွန်တော်တို့ သဘင်လုပ်သားတွေကို သူတို့ချမှတ်ချင်တဲ့ စည်းကမ်းအတိုင်း ကျွန်တော်တို့ လိုက်နာရတယ်” ဟု အမည်မဖော်လိုသူ သဘင်လုပ်သားတစ်ဦးက ပြောသည်။
တစ်ကိုယ်တော်ဆန္ဒပြသူ ကိုင်ဆောင်ထားသည့်ဗီနိုင်းတွင် သဘင်လုပ်သားများကို လုပ်အားခငွေကြေး ပြည့်ပြည့်ဝဝပေးရန်၊ လုပ်အားခငွေကြေးများကို အကြောင်းအမျိုးမျိုးဖြင့် ဖြတ်တောက်ခြင်းမှ ရပ်ပေးရန်၊ အာဏာရှင်ဆန်စွာ ဖိနှိပ်မှုရပ်ပေးရန် စသည့်အချက်(၃)ချက်ကို ဖော်ပြ၍ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
“ကျွန်တော်က ဇာတ်တည်ထောင်သူနဲ့ သဘင်လုပ်သားတွေကို စပေါ်ငွေကြိုထုတ်တာနဲ့ ပက်သက်လို့ အသိ သက်သေ လုပ်ပေးရတယ်။ ဒီအချိန်မှာ ကျွန်တော်က သဘင်လုပ်သားတွေကို မေးပါတယ်။ နင်တို့ဇာတ်က ဒီစည်းကမ်းချတယ်၊ နင်လက်ခံလား၊ သဘောတူလား၊ တူရင်လက်မှတ်ထိုး၊ သူတို့ကျေနပ်လို့ လက်မှတ်ထိုးခဲ့တယ်။ သူ တို့စည်းကမ်းဖောက်ရင်တော့ သူတို့ဆီကနေ ညကြေးလုပ်အားခကို စာချုပ်ပါအတိုင်း ဖြတ်မှာပဲ။ သူတို့အဖြတ်မခံချင်ရင် သူတို့တိတိကျနေပေါ့။ အခုဒီလို ဆန္ဒပြတဲ့လုပ်ရပ်ကတော့ တကယ်မဖြစ်သင့်ပါဘူး”ဟု မော်လမြိုင်မြို့ နယ်သဘင်အစည်းအရုံးမှ စာရင်းစစ် ဦးစိုးမင်းအောင်က ပြောသည်။
 
လက်ရှိ ဆန္ဒပြမှုဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ဇာတ်တည်ထောင်သူနှင့် သဘင်လုပ်သားများအကြား အလုပ်ရှင် အလုပ်သမား ပြသ၁နာတစ်ရပ် ဖြစ်သည့်အပေါ် မွန်ပြည်နယ်သဘင် ပညာရှင်များအစည်းရုံးမှ တာဝန်ရှိသူအနေ ဖြင့် ဆန္ဒထုတ်ဖော်သူ လူရွင်တော်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ပြီး ယင်းကိစ္စကို သဘင်ပညာရှင်များ အစည်းရုံးဗဟိုသို့ တင်ပြသွားမည်ဖြစ်ကာ ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် သဘင်ပညာရှင်များအစည်းအရုံးမှ ပြန်ကြားရေးမှူး ဦးစိန်သုံးလုံး(ခ)ဦးဝင်းသန်းက ပြောသည်။
 
မွန်ပြည်နယ်တွင် တရားဝင်မှတ်ပုံထားသည့် ဇာတ်သဘင်အဖွဲ့ (၃၈)ခုရှိပြီး သဘင်လုပ်သား (၁၆၀၀)ဝန်းကျင်ရှိ ရာ လက်ရှိအချိန်အထိ စပေါ်ငွေကြိုယူထားသည့် သဘင်လုပ်သား (၁၂၀၀)ဝန်းကျင်ရှိကြောင်း မွန်ပြည်နယ် သဘင်ပညာရှင်များ အစည်းအရုံးထံမှ သိရသည်။
 
MMK
The Ladies News

No comments:

Post a Comment