ဗိုလ်ချုပ်လမ်းနှင့်
ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှေ့တွင် စည်းကမ်းမဲ့စွာ ရောင်းချသည့်
ဈေးသည်များကို နှစ်ပတ်ခန့် ပညာ ပေးကာလ သတ်မှတ်၍ စည်းရုံးပြောဆို
စောင့်ကြည့်သွားမည်ဖြစ်ပြီး လိုက်နာခြင်း မရှိပါက သက်ဆိုင်ရာ
တာဝန်ရှိသည့်အဖွဲ့ အစည်းဌာနများဖြင့် ပူးပေါင်းကာ ရှင်းလင်း
ဖယ်ရှားသွားမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး
ဒေါက်တာအေးကိုကိုက The Voice သို့ ပြောကြားသည်။
"
ပညာပေး ကာလသတ်မှတ်ပြီး ဆေးရုံအုပ်ချုပ်ရေး အဖွဲ့တွေနဲ့
လုံခြုံရေးအဖွဲ့တွေက စည်းရုံးရေး နည်းလမ်းတွေသုံးပြီး ဆောင်ရွက်နေပေမယ့်
ဆက်လက် လိုက်နာမှု မရှိဘူးဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး
အုပ်ချုပ်ရေးနည်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းကဆိုသည်။
ရန်ကုန်ဆေးရုံကြီး၏
အပြင်ဘက် မျက်နှာစာများတွင် စည်းကမ်းမဲ့ဈေး ရောင်းချလျက်ရှိသည့်
ဈေးသည်များနှင့် ပတ်သက်၍ ဆေးရုံကြီး၏ အုပ်ချုပ်ရေးအဖွဲ့က
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးသို့ တင်ပြထားခြင်းအပြင်
သြဂုတ်လ၂၃ရက်နေ့တွင် အနော် ရထာလမ်းနှင့် လမ်းမတော်လမ်းရှိ
ဈေးသည်များကိုလည်း ခေါ်ယူတွေ့ဆုံကာ အသိပေးထားခဲ့ကြောင်း ယင်းဆေးရုံကြီး၏
အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဆေးရုံကြီး၏
အပြင်ဘက် မျက်နှာစာတွင် ရောင်းချနေသည့် ဈေးသည်များ ရှိသည့်အနက်
ဗိုလ်ချုပ်လမ်းဘေးတွင် ရောင်းချနေသည့် ဈေးသည်များမှာ
အဆိုးအရွားဆုံးဖြစ်ပြီး ဆေးရုံဝင်ပေါက်တစ်လျှောက်တွင် လမ်းပိတ်ဆို့သည်အထိ
ရောင်းချမှုရှိခြင်း၊
ရောင်းချသည့် ဈေးသည်များက ကျူးကျော်သည့် သဘောမျိုးဖြင့် တဲများထိုး၍
နေထိုင်ခြင်း၊ စည်းကမ်းမဲ့ ထဘီ၊ အင်္ကျီနှင့် အဝတ်များလှန်းခြင်း၊
ဆေးရုံအနီးနှင့် မျက်နှာစာရှေ့ အထက်တန်းကျောင်းရှေ့များတွင်
ခွင့်ပြုမထားသည့် ဆေးလိပ်နှင့် ကွမ်းယာများ ရောင်းချခြင်းတို့သည် ဆေးရုံ၏
အလှကိုဖျက်ဆီးစေသဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ယင်း
အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထို့ပြင်
ပညာပေးကာလ ကျော်လွန်သော်လည်း စည်းကမ်းမလိုက်နာသည့် ဈေးသည်များကို ဖယ်ရှား
ရှင်းလင်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းနှင့် ရပ်ကွက်
အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
"ဈေးသည်တွေအနေနဲ့
ဥပဒေအတိုင်း လိုက်နာပြီး မရောင်းရတဲ့ နေရာတွေမှာ မရောင်းဖို့လိုပါတယ်။
ဥပဒေ ဖောက်ဖျက်ပြီး စည်းကမ်းမဲ့ ဈေးရောင်းရင် စည်ပင်စတဲ့
သက်ဆိုင်ရာဌာနတွေက သတ်သတ်မှတ်မှတ် ထိန်းသိမ်း ပေးစေချင်ပါတယ်"ဟု ရန်ကုန်
ပြည်သူ့ဆေးရုံကြီး၏ လက်ထောက်ဆေးရုံအုပ် ဒေါက်တာနေ၀င်းသိန်းက ဆိုသည်။
No comments:
Post a Comment