Wednesday, August 3, 2016

ပခုက္ကူမြို့တွင် ရေဘေးရှောင် တဲများပေါ် မန်ကျီးပင် လဲကျသဖြင့် ငါးဦးဒဏ်ရာရ


ပခုက္ကူ သြဂုတ် ၂

ပခုက္ကူမြို့၊အမှတ် ၁၃ ရပ်ကွက်၊ ဘုရားကြီးလမ်း၊ သီဟိုဋ် ရှင်ဘုရားကြီးကျောင်းတိုက် မြောက်ဘက်ရှိ ရေဘေးရှောင် တဲစခန်းများပေါ်သို့ မန်ကျီးပင်တစ်ပင် လဲကျမှု သြဂုတ် ၂ရက် ည ၇ နာရီခွဲ ခန့်က ဖြစ်ပွားသည်။


အဆိုပါမန်ကျီးပင်သည် ဒေါ်ဌေးကြည်၊ ဦးရဲလှိုင်၊ ဦးဇာနည်၊ ဦးသောင်းထွန်းဦးနှင့် ဦးနိုင်ထွန်းတို့၏ ရေ ဘေးရှောင် တဲစခန်းများ ပေါ်သို့လဲကျ ပိမိပြီး တဲများ အတွင်းရှိ ဦးစိန်ဌေး၊ ဒေါ်သော်သော်၊ ဒေါ်သန္တာဝင်း၊ ဒေါ်အငယ်မနှင့် ဦးအောင်ကျော်မိုး တို့မှာထိခိုက်ဒဏ်ရာများ ရရှိသဖြင့် ဆေးရုံသို့ပို့ဆောင်ကုသလျက် ရှိကြောင်း သိရသည်။


မန်ကျီးပင်လဲကျရာသို့ အုပ်ချုပ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု ရေးအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက မီးဆိုင်းများထိုး၍ ချက်ချင်းဖယ်ရှားရှင်းလင်းလျက် ရှိကြောင်း သိရသည်။


မြစ်ရေဝင်ရောက်မှုကြောင့် သစ်ပင်များ အမြစ်မခိုင် ယိုင်လဲတတ်သဖြင့် ရေဘေးရှောင် ပြည်သူများနှင့် ရေထဲတွင် မပြောင်းရွှေ့ဘဲ နေထိုင်သူများ သစ်ပင်ကြီးများ အနီးနေထိုင်ပါက သတိထားသင့်ကြောင်း ဒေသခံပြည်သူ တစ်ဦးက ပြောကြားသည်။

ပြန်/ဆက်
MOI Webportal Myanmar

No comments:

Post a Comment