ရန်ကုန်၊ သြဂုတ် ၂၅
မြန်မာနိုင်ငံတွင်
လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များက အဓိက ကျူးလွန်နေကြောင်း လူ့အခွင့်အရေး
မှတ်တမ်းကွန်ရက် (ND-Burma) က သတင်း ထုတ်ပြန်လိုက်သည်။
လူ့အခွင့်အရေး
မှတ်တမ်းကွန်ရက် (ND-Burma) သည် ၂ဝ၁၆ ခုနှစ်၏ ပထမ ခြောက်လအတွင်း
ပဋိပက္ခများ ဖြစ်ပွားနေသည့် တိုင်းရင်းသား ဒေသများတွင် ကောက်ယူခဲ့သော
မှတ်တမ်းများကို အခြေခံ၍ သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် သတင်း
ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၂ဝ၁၆ ခုနှစ်၏ ပထမ
နှစ်ဝက်အတွင်းမှာပင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ၉၈
မှုကို လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်မှ မှတ်တမ်းတင် နိုင်ခဲ့ခြင်းသည် ၂ဝ၁၅
တစ်နှစ်လုံးထက် ပိုမို များပြားသည်ကို တွေ့ရကြောင်း ND-Burma ၏ ညှိနှိုင်း
ဆောင်ရွက်ရေးမှူး ကိုဟန်ကြီးက ပြောကြားသည်။
“ဒီခြောက်လအတွင်းမှာ
လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အရင်နှစ်ကထက် ပိုမို များပြားလာတယ်၊ အဓိက
တိုင်းရင်းသား ဒေသတွေမှာ ညှဉ်းပန်း နှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေ
အဖြစ်များတာ တွေ့ရတယ်၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက
ကျူးလွန်နေတာကို ထင်ဟပ် ဖော်ပြနေတယ်”ဟု ၎င်းက ရှင်းပြသည်။
လူ့အခွင့်အရေး
မှတ်တမ်းကွန်ရက် အနေနှင့် အစီရင်ခံစာ ထုတ်ပြန်နိုင်ရန်
မြန်မာနိုင်ငံအတွင်း စစ်ပွဲများ ဖြစ်ပွားနေသော ဒေသများနှင့် အခြားသော
လူ့အခွင့်အရေး ချိုးဖောက်ခံမှုများကို မှတ်တမ်းတင်ကာ အစီရင်ခံစာ
ရေးသားခဲ့ပြီး ယင်း အစီရင်ခံစာကို လွှတ်တော်နှင့် မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်သို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင်
၂ဝ၁၆ ခုနှစ် ပထမ ခြောက်လအတွင်း သတ်ဖြတ်မှု ၁၅ မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု
၎ဝ ရှိပြီး နှိုင်းယှဉ်ချက်အရ ယခင်နှစ်ထက် ပိုများကြောင်း၊ ၂ဝ၁၅
ခုနှစ်အတွင်း သတ်ဖြတ်မှု ၁၁ မှုနှင့် ညှဉ်းပန်း နှိပ်စက်မှု ၂၆ မှု
ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင်
လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက်၏ အစီရင်ခံစာတွင် ညှဉ်းပန်း
နှိပ်စက်ခြင်းနှင့် အခြားရက်စက်၊ လူမဆန်၊ ဂုဏ်သိက္ခာနှင့် မလျော်ညီသည့်
ဆက်ဆံ ပြစ်ဒဏ် ပေးခြင်းများအား ဆန့်ကျင်သည့် ကုလသမဂ္ဂ သဘောတူစာချုပ် (UNCAT)
နှင့် နောက်ဆက်တွဲ လိုက်နာ စောင့်ထိန်းအပ်သည့် လုပ်ထုံးလုပ်နည်း ကျင့်ဝတ်
(OPCAT) တို့အား အစိုးရအနေနှင့် လက်မှတ် ရေးထိုးရန် တောင်းဆိုမှုများ
ပါဝင်သည်။
ယင်း အစီရင်ခံစာတွင် အစိုးရသစ်၏
အပြုသဘော ဆောင်သည့် ခြေလှမ်းများအဖြစ် လက်ရှိ ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို
ဖြေရှင်းရန်အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် စစ်တပ် ကိုယ်စားလှယ်များ၊
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ
ပါဝင်လာစေရန် အစိုးရအား ND-Burma မှ တိုက်တွန်းထားသည်။
No comments:
Post a Comment