စစ်ကိုင်းတိုင်းဒေသကြီး၊
ကသာမြို့နယ်၊ ကျောက်ထုံးကြီးအုပ်စု၊ အထက်သဖန်းထောင့် ကျေးရွာတွင်
မိုးကြိုးပစ်ခံရပြီး သေဆုံးသွားသည့် နွားများ၏ ပိုင်ရှင်များအတွက်
သြဂုတ်(၂၅)ရက်၌ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ
နွားတစ်ကောင်လျှင် ၁၀ သိန်း လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အထက်သဖန်းဒေါင့်
ကျေးရွာ၌ သြဂုတ်လ(၂၃)ရက်၊နံနက် (၈)နာရီတွင်ကျေးရွာ တောင်ဘက်ယာခင်းအတွင်း
လွတ်ကျောင်းထားရာမှ လေပြင်းတိုက်မိုးကြိုးထိမှန်ခဲ့ပြီး
ခိုင်းနွား(၂)ကောင်နှင့် နွားမ(၁)ကောင် ထိမှန် သေဆုံးသွားခြင်းဖြစ်သည်။
“တောင်သူတွေလိုအပ်နေတဲ့
ကျွဲ၊ နွားတွေ သဘာဝဘေးကြောင့် သေဆုံးတယ်လို့ အကြောင်းကြားတာနဲ့
လိုက်လှူပေးတာပါ။ အခုလိုသဘာဝဘေး ဖြစ်လာတဲ့အခါ ကမ္ဘောဇဘဏ်ဂရုကနေ
မြန်မာနိုင်ငံမှာရှိတဲ့ လိုအပ်ချက်တွေကို ကူညီပေးရတာ ဝမ်းသာပါတယ်။
ကိုယ်ကျရာ နေရာကနေ ဆောင်ရွက်ပေးရတာ ဂုဏ်ယူပါတယ်” ဟု
ကမ္ဘောဇဘဏ်ခွဲကောလင်း(၂)တာဝန်ခံ ဦးတင်လှိုင်က ပြောသည်။
ကသာမြို့နယ်အတွင်း
သဘာဝဘေးကြောင့် ကျောက်ထုံးကြီးအုပ်စု၊ အလယ်ကျွန်းအုပ်စု၊ မော်လူး ကျေးရွာ
များတွင် သေဆုံးသွားခဲ့သည့် နွား(၄)ကောင်ကိုလည်း သွားရောက်လှူဒါန်းခဲ့ပြီး
ခိုင်းနွား တစ်ကောင်လျှင် (၁၀)သိန်းနှုန်း လှူဒါန်းကြောင်း
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ သိရသည်။
“မိုးကြိုးပစ်လို့
နွားတွေဆုံးသွားရတယ်။ လာလှူပေးတာ အများကြီး ဝမ်းသာတယ်။
အကြောင်းကြားတာနဲ့ပဲ ချက်ချင်းလာရောက် ကူညီတယ်။ တကယ်ကျေးဇူးတင်ပါတယ်။
သဘာဝဘေးက အချိန်မရွေးကျရောက်တတ် တာမို့ တောင်သူတွေအမြဲ သတိထားနေရတယ်။”ဟု
မိုးကြိုးပစ်သေဆုံးသွားသော နွား၏ ပိုင်ရှင် ဦးထွန်းက ပြောသည်။
သဘာဝဘေးအန္တရာယ်ကြောင့်
သေဆုံးသွားသည့် ကျွဲ၊ နွားများရှိပါက နီးစပ်ရာကမ္ဘောဇဘဏ်ခွဲသို့
ဆက်သွယ်အကြောင်းကြားနိုင်ပြီး ရဲစခန်းထောက်ခံချက်၊ မွေးမြူရေးနှင့်
ကုသရေးဦစီးဌာန ထောက်ခံချက်၊ အုပ်စုကျေးရွာထောက်ခံချက်များဖြင့်
အကြောင်ကြား ကူညီခွင့်တောင်းခံရမည်ဖြစ်ကြောင်း သိရသည်။
MMK
The Ladies News
No comments:
Post a Comment