Saturday, July 30, 2016

မန္တလေး(ဧရာဝတီ)ဆိပ်ကမ်းတွင် မြစ်ရေတနာရီလျှင် (၁)စင်တီမီတာမြင့်တက်နေပြီး စိုးရိမ်ရေမှတ်ကျော်လွန်မည်


မန္တလေး (ဧရာဝတီ) ဆိပ်ကမ်းတွင် မြစ်ရေသည် တနာရီလျှင် (၁)စင်တီမီတာခန့်မြင့်တက်နေရာ ဇူလိုင် ၂၉ ရက်တွင် စိုးရိမ်ရေမှတ်ကျော်လွန်သွားမည်ဖြစ်ကြောင်း မိုး/ဇလ(မန္တလေး)ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးသန်းဇော်က ပြောသည်။

ဇူလိုင် ၂၈ ရက်နေ့မွန်းလွဲပိုင်းက မြစ်ရေအမှတ် ၁၂၅၄ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် ၁၂၆၀ စင်တီမီတာသို့ ရောက်ရှိရန် ၆ စင်တီမီတာ (၂လက်မခန့်) သာလိုတော့ကြောင်း၊ ၂၀၁၅ ဇူလိုင် ၂၂ တွင် ၁၀၆၀ စင်တီမီတာသာရှိခဲ့၍ ၂၀၁၄ ခုနှစ် ဇူလိုင် ၂၇ ရက်က ၁၃၈၀ စင်တီမီတာကျော်ထိ စံချိန်တင်မြင့် တက်ခဲ့ ကြောင်း သိရသည်။

''မြစ်ရေတနာရီ တခါတက်နေလို့ ဒီညနေမှာ စိုးရိမ်ရေမှတ်ရောက်နိုင်တယ်။ မနက်ဖြန်ဆိုရင် စိုးရိမ်ရေမှတ် ကျော်နိုင်ပေမယ့် သိပ်အများကြီးတော့ မဟုတ်ဘူး။ ၁၀ စင်တီလောက်ကျော်နိုင်တယ်လို့ ခန့်မှန်းတယ်'' ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့စိုးရိမ်ရေအမှတ် ကျော်လွန်သော်လည်း မန္တလေးမြို့အနေဖြင့် တာရိုးများခိုင်ခံ့ပြီး မြစ်ရေမျက်နှာ ပြင်အထက် မြင့်မားစွာရှိသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ မြစ်ရေအမှတ် ၁၀၀၀ စင်တီမီတာလောက်တွင် ရွှေကြက်ယက်နှင့် ရှမ်းကလေးကျွန်း၊ ညောင်ကွဲ စသည့် အနိမ့်ပိုင်းရပ်ကွက်များ၌ ရေ၀င်လျက်ရှိကြောင်း သိရသည်။
''မြစ်ကြီးနားဘက်က ရေက အောက်ပိုင်းကို ဆင်းလာရင် နောက် ၄ ရက်လောက်မှာ မန္တလေးရောက်လာပြီး မြစ်ရေတက်လာမယ်။ မြစ်ရေကြီးချိန်မှာ ကမ်းပြိုတာတွေ မရှိတော့ဘဲ ရေကျရင်တော့ ကမ်းပြိုတာတွေ ဖြစ်လာမယ်'' ဟု ရေအရင်းအမြစ်ဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်မြင့်သန်းက ပြောသည်။

မြို့တော်စည်ပင်မှ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိပြီး မြို့နယ် ၆ ခုတွင် သဲအိတ် ၃၀၀၀ စီနှင့် လူအင်အား ၅၀ စီကို အဆင်သင့်ဖြစ်အောင် စီမံထား ရှိသည်။ ထို့အပြင် အချိန်နှင့်အမျှ သတင်း ထောက်လှမ်းကာ ကာကွယ်ရေးလုပ်ငန်းများအတွက် ပြင်ဆင်ထားသည်ဟု ဆိုသည်။
''သဲအိတ်တွေ စုဆောင်းထားတယ်၊ မြစ်ရေစိမ့်ပြီးဝင်နိုင်မယ့် ကတွတ်ပေါက်တွေ၊ ချိုင့်ရှိတဲ့နေရာတွေမှာ လိုက်ကြည့်နေပြီး ရေစိမ့်လာတာနဲ့ သဲအိတ်တွေဖို့ဖို့လူအင်အား အဆင်သင့်လုပ်ထားတယ်။ စိုးရိမ်စရာမရှိနိုင်ဘူးလို့ သုံးသပ်တယ်'' ဟု စည်ပင်သာယာ တွဲဖက်အတွင်းရေးမှူးဦးသက်နိုင်ထွန်းက ပြောသည်။

မန္တလေးဆိပ်ကမ်းတွင် မွန်းတည့် ၁၂ နာရီခွဲ မြစ်ရေတိုင်းတာချက်များနှင့် ဇူလိုင် ၂၆ ရက်က ၁၂၂၁ စင်တီမီတာ၊ ၂၇ ရက်က ၁၂၃၄ စင်တီမီတာနှင့် ၂၈ ရက်တွင် ၁၂၅၄ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သြဂုတ်လပထမပတ် မိုး/ဇလ ထုတ်ပြန်ချက်တွင် သြဂုတ်လအတွင်း ဧရာဝတီမြစ်ရေသည် ပခုက္ကူ၊ ညောင်ဦး၊ ဟင်္သာတနှင့် ဇလွန်မြို့များတွင် စိုးရိမ်ရေ အမှတ်အထက် တကြိမ်စီ၊ ချင်းတွင်းမြစ် ရေသည် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့တို့တွင် တကြိမ်စီ စိုးရိမ်ရေအမှတ်များသို့ ကျော်လွန်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment