မြစ်ကြီးနားမြို့မှာ သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ကွန်ပြူတာ တက္ကသိုလ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင်အမူနဲ့ ပတ်သက်ပြီး သူငယ်ချင်း မျက်မြင် သက်သေတွေကို ပထမဆုံးအကြိမ် စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် ဒုရဲမှုးကြီး က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ညက မြစ်ကြီးနားမြို့ သီတာရပ်ကွက်အနီး ဖြစ်ပွားခဲ့တဲ့အမူမှာ ပါဝင်ခဲ့တဲ့ မျက်မြင်သက်သေတွေ ကို ဒီနေ့ နေ့လည်ပိုင်းက ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် ဒုရဲမှုးကြီး မျိုးသူရနောင်က ပြောပါတယ်။
ရဲစခန်းကို လာရောက် အစစ်ဆေးခံတဲ့ မောင်ဂွန်ဆိုင်းအောင်ရဲ့ သူငယ်ချင်း မျက်မြင်သက်သေ ဘယ်နှစ်ဦးရှိတယ်ဆိုတာ မပြောနိုင်သေးကြောင်းနဲ့ အမူက စစ်ဆေးနေဆဲဖြစ်ကြောင်း ဒုရဲမှုးကြီး မျိုးသူရနောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ညက မြစ်ကြီးနားမြို့ သီတာရပ်ကွက်အနီးမှာ တပ်မတော်သားနှစ်ဦးနဲ့ ဒေသခံလူငယ်တချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာကနေ အသက် ၁၉ နှစ်အရွယ် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင်သေဆုံးခဲ့တာဖြစ်ပါတယ်။
မောင်ဂွန်ဆိုင်းအောင်နဲ့အတူ ပါဝင်ခဲ့တဲ့ မျက်မြင်သက်သေ ဒေသခံလူငယ်တွေဟာ အခင်းဖြစ်ပွားပြီး နောက်ပိုင်း ရှောင်တိမ်းနေခဲ့တာဖြစ်ပြီး ဒီနေ့ ရဲစခန်းကို ပထမဆုံးအကြိမ် လာရောက် စစ်ဆေး ခံတာဖြစ်ပါတယ်။
အမူဖြစ်ပွားရာမှာပါဝင်တဲ့ တပ်မတော်သားနှစ်ဦးကို စစ်ဖက်တရားရုံးမှာ စစ်ဆေးနေပြီး ကချင်စာပေ နဲ့ ယဉ်ကျေးမှုအဖွဲ့ ဖက်ဒရေးရှင်းက လူငယ်တွေကတော့ စစ်ဖက်တရားရုံးမှာ မစစ်ဆေးပဲ အရပ်ဘက် တရားရုံးမှာ စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
Photo: Kyaw Myo Min/RFA ( မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်က နေအိမ်မှာ မောင်ဂွမ်ဆိုင်းအောင်ရဲ့ ရုပ်အလောင်း ပြင်ဆင်ထားတာကို ဇွန်လ ၂၂ ရက်နေ့ က မြင်ရစဉ် )
No comments:
Post a Comment