Monday, July 11, 2016

ဆောက်လုပ်ရေးလုပ်ငန်း ကပ်ဆိုက်ချိန်ဖြစ်သောကြောင့် ဆောက်လုပ်ရေး အလုပ်သမား အများစုသည် အလုပ်လက်မဲ့ဖြစ်နေ ------ ------- -------



ယခုနှစ်ကာလသည် ဆောက်လုပ်ရေးလုပ်ငန်း ကပ်ဆိုက်ချိန်ဖြစ်သောကြောင့် ဆောက်လုပ်ရေး အလုပ်သမား အများစုသည် အလုပ်လက်မဲ့ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း (MCEA) မှသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လွန်ခဲ့သည့် တစ်နှစ်ဝန်းကျင်ခန့်မှ စတင်ကာ ဆောက်လုပ်ရေး လုပ်ငန်းခွင် အားလုံးနီးပါး ရပ်နားခဲ့ရရာ ကုမ္ပဏီများမှ ခန့်ထားသော အလုပ်သမားအနည်းစု မှလွဲ၍ အလုပ်သမားအများစု တို့သည် အလုပ်လက်မဲ့ ဖြစ်နေကြကြောင်း သိရသည်။

“လက်ရှိအချိန်မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းက ကပ်ဆိုက်နေတယ်။ အလုပ်သမားတွေကို တတ်နိုင် သလောက်တော့ အဆင်ပြေတဲ့အလုပ်တွေမှာ ခေါ်နေပေမယ့် အသင်းကလည်း NGO ဖြစ်လို့ အားလုံးကို လုပ်ပေးဖို့က အခက်အခဲဖြစ်တယ်။ အလုပ်သမားတွေ အနေနဲ့ကလည်း သူတို့အဆင်ပြေမယ့် အလုပ်တွေမှာ ၀င်ရောက် လုပ်ကိုင်နေပေမယ့်လည်း အများစုကတော့ အခက်အခဲတွေနဲ့ ရုန်းကန်နေကြရတယ် ” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ ဒု-ဥက္ကဋ္ဌ ဦးသာအေးက The Ladies သို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ၀င်ရောက် လုပ်ကိုင်လျက်ရှိသော အလုပ်သမားအများစုမှာ နေ့စားအလုပ်သမားများ ဖြစ်ကြသောကြောင့် ယခုကဲ့သို့ ကာလတာရှည် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ ရပ်နားချိန်တွင် အခက်တွေ့နေရခြင်းဖြစ်သည်။

အစိုးရအပြောင်းအလဲတွင် ဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ရသော်လည်း လက်ရှိအချိန်တွင် ငွေကြေးရှားပါးခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွင် အိမ်ရာ ၊ တိုက်ခန်း အရောင်းအ၀ယ်အေးခြင်း၊ အချို့လုပ်ငန်းခွင်များသည် သတ်မှတ်စည်းကမ်းချက်နှင့် ညီညွှတ်မှု မရှိသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားရခြင်း တို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများမှာ အေးစက်နေသည်ဟု ကန်ထရိုက်အသိုင်းဝိုင်းက ဆိုသည်။

“တချို့ကလည်း လုပ်ငန်းပြောင်းလုပ်လို့ရတယ်။ အဆင်ပြေတယ်။ ဈေးတွေမှာ အထမ်းလုပ်တာကအစပေါ့။ ဒါပေမဲ့ ကျွန်တော့်အသိတွေထဲမှာ ဆိုရင် တော်တော်များများက အလုပ်ပါးတော့ တခြားနယ်စပ်တွေဘက် သွားတာတို့ ရွာပြန်တာတို့ ဖြစ်ကုန်တယ်။ မူလ လုပ်နေတဲ့ လုပ်ငန်းခွင်ကနေ သက်မွေးဝမ်းကျောင်း ပြောင်းတဲ့ ပုံစံပါ ဖြစ်ကုန်တယ်။ တကယ်အခက်တွေ့ပါတယ်” ဟု ရွှေပြည်သာမြို့နယ်မှ နေ့စားလုပ်သားတစ်ဦးက ပြောသည်။

ဝသန်
The Ladies News

No comments: