Wednesday, June 29, 2016

ရန်ကုန်မြို့ပတ်လမ်းတစ်လျှောက် အချက်ပြစနစ်နှင့် ရထားတွဲဆိုင်း ၀ယ်ယူရန် ဂျပန်ချေးငွေဖြင့် ဆောင်ရွက်မည် --------- ------- --------



ရန်ကုန်မြို့ပတ်ရထား လမ်းတစ်လျှောက် အချက်ပြစနစ် တပ်ဆင်ခြင်း နှင့် ရထားတွဲဆိုင်းများ ဝယ်ယူခြင်းရန် အတွက် ဂျပန်နိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာ ၂ဝ၇ သန်းဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ယင်းသို့ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအပြင် ကျန်ရှိသည့် လမ်းပိုင်း ပြင်ဆင်ခြင်း လုပ်ငန်းများကို နိုင်ငံတော် ဘတ်ဂျက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရထားထိန်းချုပ်သည့် အချက်ပြ စနစ်ကို တပ်ဆင်ခြင်းပြီးပါက လက်ရှိ ကားလမ်း ကူးဂိတ်များတွင် လူအင်အားဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများသည် အလိုအလျောက် အဖွင့်အပိတ် စနစ်ဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည့်အပြင် ရထားပြေးဆွဲချိန် မြန်ဆန်ခြင်းနှင့် အချိန်မှန် ပြေးဆွဲခြင်းများ လုပ်ဆောင် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့ပတ် ရထားလမ်းမှာရှိတဲ့ တွဲဆိုင်းအားလုံးကို RBE တွဲဆိုင်းများ အစားထိုးသွားမှာပါ။ ရန်ကုန်မြို့ပတ်လမ်း မြန်နှုန်းမြင့် အဆင့်မြှင့်တင်ခြင်းကိုလည်း ၂၀၁၅ ခုနှစ်ကတည်းက အပိုင်းလိုက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြို့ပတ်ရထား အချိန်မှန်မှန် ထွက်နိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်” ဟု မြန်မာမီးရထား တိုင်း ၇ မှ ပို့ဆောင်ရေးမန်နေဂျာ ဦးကျော်စိုးလင်းက ပြောကြားသည်။

ဆက်လက်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရန်ကုန် မြို့ပတ် ရထားလမ်းကို ကမာရွတ်ဘူတာမှ တညင်းကုန်း ဘူတာအထိ လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်က ရန်ကုန်ဘူတာကြီးမှ ကမာရွတ် ဘူတာ အထိ လေးချောင်းဆက် သံလမ်းလဲလှယ်ခြင်း၊ ကျောက်ထည့်ခြင်း နှင့် ပတ္တင် (Putting) ရိုက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင် မိုင်ပေါင်း ၂၉ မိုင်ခွဲ ရှိကာ လမ်းပြင်ဆင်မှု ပြုလုပ်နေသည့် ကမာရွတ်ဘူတာ မှ တညင်းကုန်း ဘူတာအထိ မိုင်ပေါင်း ၁၄ မိုင် ရှိကြောင်း သိရသည်။

ဝသန်
The Ladies News


No comments:

Post a Comment