ကရင်ပြည်နယ်အတွင်း ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း စေတီများ တည်ဆောက်နေမှုမှာ သည်းခံစောင့်ဆိုင်း ဖြေရှင်းရမည်ဟု သာသနာရေးဝန်ကြီး သူရဦးအောင်ကို ပြောကြား
---- ---- ----
ကရင်ပြည်နယ် အတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း စေတီများ တည်ဆောက်မှုနှင့် ပတ်သက်၍ လောလောဆယ် သည်းခံဆိုင်းငံ့ပြီး အချိန်အတိုင်းအတာ တစ်ခုရယူကာ စောင့်ဆိုင်းဖြေရှင်းသွားရန် သံဃာ့အဖွဲ့အစည်းက ပြောဆိုထားကြောင်း သာသနာရေးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယနေ့ မေလ ၄ ရက်နေ့ မနက်ပိုင်းက မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အောက်ခြေမှာ အငြင်းပွားမှုလေးလည်း အသံထွက်လာပါတယ်။ လတ်တလော အပူတပြင်းဖြေရှင်းလိုက်လို့ရှိရင် နှစ်ဖက် လက်နက်ကိုင်အဖွဲ့ကလည်း နည်းနည်းလေး ပါဝင်ပတ်သက်နေကြတဲ့အခါ ရှေ့ဆက်ရမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အတိုင်းအတာတစ်ခုအထိ ထိခိုက် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်” ဟုလည်း သူရဦးအောင်ကိုက ပြောသည်။
မြိုင်ကြီးငူဆရာတော်မှ ဦးဆောင်၍ လှိုင်းဘွဲ့မြို့နယ် ကွမ်တော်ကျေးရွာရှိ အင်္ဂလီကန် ဘုရားရှိခိုးကျောင်းဝင်းအတွင်း စေတီတည်ထားခဲ့ပြီး လတ်တလောမှာပင် သိမ်ကျောင်း ဆောက်လုပ်ရန် ပြင်ဆင်မှုများလည်း ရှိနေသည်။
၁၉၈၀ ပြည့်နှစ်က ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးတွင် သံဃာ့ကိစ္စကို သံဃာ့အဖွဲ့အစည်းကသာ ဖြေရှင်းရန် ဆုံးဖြတ်ချက် ချမှတ်ထားပြီးဖြစ်ခြင်းကြောင့် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ကိစ္စကို ကရင်ပြည်နယ် သံဃာ့နာယကအဖွဲ့က ဖြေရှင်းရကြောင်း၊ ဖြေရှင်းပြီး၍ ဆုံးဖြတ်ချက်ချသည့် ဓမ္မစက်ကို အကောင်အထည်ဖော်ရန် လိုအပ်လာသည့်အခါ ကရင်ပြည်နယ် အစိုးရအဖွဲ့က အာဏာစက်ဖြင့် အကောင်အထည် ဖော်ရမည်ဖြစ်ပြီး ယင်းသည် လုပ်ထုံးလုပ်နည်း ဖြစ်သည်ဟုလည်း သူရဦးအောင်ကိုက ပြောဆိုခဲ့သည်။
သာသနာရေးဝန်ကြီး သူရဦးအောင်ကိုမှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆုတောင်းပွဲ တက်ရောက်ရန် မန္တလေးသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment