ဘုမ္မတီးချောင် ဖြတ်ကူးရာမှ သုံးနှစ်သမီး ရေနစ်သေဆုံး
-----------------------------
မိဘများရှိသည့် လယ်တဲသို့လိုက်သွားရန် ချောင်းတစ်ဖက်ကမ်းသို့ဖြတ်ကူးစဉ် သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ရသည်။
သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာအုပ်စုလှည်းလမ်းကူးကျေးရွာတွင်နေထိုင်သည့် မနှင်းပွင့်ဖြူဆိုသူဖြစ်ပြီး မေ ၂၄ ရက် ညနေ ၃ နာရီခန့်က လှည်းလမ်းကူးကျေးရွာနှင့် တလိုင်းအိုင်ကျေးရွာကို ဖြတ်သန်းစီးဆင်းသည့် ဘုမ္မတီးချောင်းကို ဖြတ်သန်းရာမှ ရေနစ်သေဆုံးခဲ့ကြောင်း လှည်းလမ်းကူးကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
"ကလေးက မိဘတွေ မရှိတုန်း ချောင်းထဲကနေ တလိုင်းအိုင်ဖက် ဖြတ်ကူးရာကနေ ရေနစ်ခဲ့တာပါ။ ဖြတ်ကူးရင်း ရေနစ်နေတာကို အနီးက တွေ့တဲ့ လူတွေက ဆင်းဆယ်ပေမဲ့ အသက် မပါလာတော့ဘူး။ မိဘတွေက လယ်ထဲ၊ ကိုင်းထဲဆင်းနေချိန် မိဘတွေရှိတဲ့ဆီကို လိုက်သွားတာလို့ သိရပါတယ်"ဟု ဇရပ်ကြီးနယ်မြေရဲစခန်းမှ ရဲအုပ်စိုးဝင်းက ပြောကြားသည်။
ကျေးရွာနေအိမ်မှ ကိုက် ၅၀ ခန့် ဝေးကွာသော ဘုမ္မတီးချောင်းကိုဖြတ်သန်း၍ တလိုင်းအိုင်ကျေးရွာဖက်ရှိ မိဘများ အလုပ်လုပ်နေသည့် လယ်တဲသို့ အဖော်မပါ တစ်ယောက်တည်း ဖြတ်သန်းရာမှ ရေနစ်ခဲ့ခြင်းဖြစ်ကာ အနီးရှိ အမျိုးသားသုံးဦးက မြင်၍ လိုက်လံဆယ်ယူခဲ့သော်လည်း ပါးစပ်မှ အမြုပ်များ ထွက်၊ ခြေလက်များ ပြာနှမ်းလျက် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဇရပ်ကြီးနယ်မြေရဲစခန်း မှုခင်းမှတ်တမ်းများအရ သိရှိရသည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်ပြီး ဇရပ်ကြီးနယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ် ၂ /၂၀၁၆ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ယင်းနယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment