တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့အကြား တိုက်ပွဲဖြစ်နေမှုအပေါ် အစိုးရသစ်အနေဖြင့် ကြားဝင်ဖြေရှင်းပေးရန် လိုအပ်ဟု ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေးပြောဆို
--- --- ---
တပ်မတော်နှင့် အပစ်ခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ် အစိုးရသစ်အနေဖြင့် ကြားဝင်ဖြေရှင်းပေးရန် လိုအပ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဌာန တာဝန်ခံ ကိုမြအေးက ပြောသည်။
‘အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးအရ ဦးဆောင်မှုပေးဖို့လည်း ကျွန်တော် တောင်းဆိုချင်တယ်။ နောက်တစ်ချက်က အခုဖြစ်နေတဲ့ တိုက်ပွဲတွေရပ် ၊ အပစ်အခတ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ဖြစ်နေမှုအပေါ် ကြားဝင်ဖြေရှင်းဖို့ အစိုးရအသစ်အနေနဲ့ ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ကျွန်တော်ထင်တယ်” ဟု ကိုမြအေးက The Ladies News သို့ ပြောသည်။
လတ်တလော ကာလအတွင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား ကချင်ပြည်နယ်တွင် လည်းကောင်း၊ တပ်မတော်နှင့် SSA/SSPP ၊ TNLA တအာင်းပလောင် စသောအဖွဲ့များအကြား ရှမ်းပြည်နယ်တွင် လည်းကောင်း တိုက်ပွဲများဖြစ်ပွားနေပြီး SSA/SSPP ရှမ်းမြောက်တပ်ဖွဲ့မှာ အစိုးရနှင့် ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့် စသဖြင့် အပစ်အခတ်ရပ်စဲမှု လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။
ရှမ်းမြောက်တပ်ဖွဲ့ SSPP/SSA နှင့် တပ်မတော်တို့အကြား လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ၁,၅၀၀ ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အနေဖြင့် အပစ်ရပ်စာချုပ် အပေါ် လေးစားလိုက်နာမှုရှိကြရန် တိုက်တွန်းကြောင်း လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးက ပြောသည်။
“ကျွန်တော် မြင်တာကတော့ တကယ်တမ်း ပြောမယ်ဆို အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့မှ အားသွန်ခွန်စိုက် တိုးတက်မှုဖြစ်စဉ်တွေ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ပေါ်လာဖို့ အရမ်းမျှော်လင့်တယ်။ အခုဖြစ်နေတာ လက်ရှိဖြစ်နေတဲ့ မြေပြင်တိုက်ပွဲ အခြေအနေတွေက အပစ်ရပ်လက်မှတ် ထိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့တောင်မှ တိုက်ပွဲဖြစ်လာတဲ့ အခါကျတော့ မြန်မာပြည် ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် တွေးဆရမယ့် သဘောမျိုး ဖြစ်သွားတယ်လေ” ဟု ကိုမြအေးကပြောသည်။
ငြိမ်းချမ်းရေး တည်ဆောက်သည့် အခါတွင် ပိုလာသည့် ပြသ၁နာမှာ တိုင်းရင်းသား လက်နက်ကိုင်နှင့် တပ်မတော်သာမက တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြားတွင် တိုက်ပွဲများ ဖြစ်လာခြင်းသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အလားသဏ္ဍာန်ကောင်း မဟုတ်ဟုလည်း ၎င်းကဆိုသည်။
ထို့အတူ တိုင်းရင်းသား အချင်းချင်းကြားတွင်လည်း ညှိနှိုင်းဖြေရှင်းသည့် နည်းလမ်း၊ တိုင်းရင်းသားနှင့် တပ်မတော် တို့သည်လည်း ညှိနှိုင်းဖြေရှင်းသည့် နည်းလမ်းကို သုံးသင့်သည်ဟု ထင်မြင်ကြောင်းနှင့် အစိုးရသစ် အနေဖြင့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံရေးအရ ဦးဆောင်မှု ပေးရန်မှာ အရေးကြီးဆုံး ဖြစ်ကြောင်း ကိုမြအေးက ပြောဆိုသည်။
ဇော်မင်းထွန်း
Photo - MIZZIMA
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment