လူငယ်များအရက်သောက်မှုလျှော့ချရေး အရက်ခွန်တိုးကောက်မည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ်ပြောကြား
Thursday, May 26, 2016
လူငယ်အချို့ အရက်လွန်စွာ သောက်စားမှုများကြောင့် လူ့သက်တမ်းမစေ့မီ အသက်သေဆုံးမှုများရှိနေရာ လူငယ်များအရက်သောက်မှုလျော့ကျရေးအတွက် အရက်များကို အခွန်တိုးကောက်မည်ဖြစ်ပြီး FDA နှင့်လည်း ပူးပေါင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် အရပ်ဘက်အဖွဲ့အစည်းများ မန္တလေးမြို့တော်တွင် မေလ ၂၅ ရက်နေ့က တွေ့ဆုံစဉ် အရပ်ဘက်အဖွဲ့အစည်းအချို့က လူငယ်များအရက်သောက်မှု များလာခြင်း အပေါ်မည်ကဲ့သို့ လုပ်ဆောင်မည်ဟု မေးမြန်းမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားသည်။
“အရက်တွေကဈေးပေါပေါနဲ့ရတော့ လူငယ်အများစုက အရက်သောက်တာတွေရှိလာတယ်။ လျှော့ဖို့က အခွန်တိုးကောက်ဖို့ရှိမယ်။ နောက် FDA နဲ့ပေါင်းပြီး အရက်တွေကိုစစ်ဆေးသွားဖို့ရှိပါတယ်” ဟု ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။
မန္တလေးဆေးရုံကြီးတွင်လည်း အရက်နှင့်ပတ်သက်ပြီး အသည်းရောဂါ၊ အစာအိမ်ရောဂါနှင့် ကယောင်ကတမ်း လူနာများ တက်ရောက်မှုများလေ့ရှိကြောင်း မန္တလေးပြည်သူ့ဆေးရုံကြီး လူမှုဆက်ဆံရေးဌာနထံမှ စုံစမ်းသိရှိရသည်။
“အရက်အတွက်က နောက်ဆက်တွဲဆိုးကျိုးပဲရှိတယ်။ မသောက်တာအကောင်းဆုံးပဲ။ သောက်မယ်ဆိုလည်း အကောင်းကို ကျန်းမာရေးအရ နည်းပါးပါးလောက်ပဲ သောက်ပေါ။့ အရည်အသွေးနိမ့်တာတွေက ပိုဆိုးကျိုးများတယ်” ဟု မန္တလေးဆေးရုံကြီး ဆေးနှင့်လူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က ဆိုသည်။
ဝန်ကြီးချုပ်အနေနှင့် ယင်းသို့လုပ်ဆောင်မည်ဆိုခြင်းကို မန္တလေးမြို့တော်ရှိ လူမှုကူညီရေးအဖွဲ့အစည်းများ အနေနှင့် လက်ခံကြိုဆိုပြီး ပြီးခဲ့သည့်အစိုးရလက်ထက်များအတွင်း အရက်များကို အလွယ်တကူ တင်သွင်းခွင့်ပြုခဲ့ခြင်းနှင့် ထုတ်လုပ်ခွင့်ပြုခဲ့ခြင်းတို့ကြောင့် အရက်ဈေးပေါကာ အတုများအလွယ်ရနေသဖြင့် ချက်ချင်းပြောင်းလဲရန်မဖြစ်နိုင်သေးကြောင်း အဆိုပါလူမှုကူညီရေးအသင်းတာဝန်ရှိသူအချို့က သုံးသပ်ပြောဆိုသည်။
The Voice Weekly
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment