ကသာမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများ မြစ်ရေမြင့်တက်မှုကြောင့် စပါး၊ မြေပဲနှင့် သီးနှံ စိုက်ခင်းများ ပျက်စီးဆုံးရှုံး
------- ---------- ---------
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများ မြစ်ရေမြင့်တက်မှုကြောင့် စပါး၊ မြေပဲနှင့် စိုက်ပျိုးသီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း မြေယာစီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကသာမြို့တွင် ရေလွှမ်းဧက ၁၃၇၈၄.၁၄ ၊ ထိခိုက်ဧရိယာ ၈၀၂၇.၀၂ နှင့် ပျက်စီးဧက ၃၆၅၅.၆၁ ရှိကြောင်း မြေယာစီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
“အစိုးရအဖွဲ့နဲ့ ညှိနှိုင်းနေတယ်။ ကသာမြို့နယ်က ပျက်စီးဆုံးရှုံးမှုစာရင်းနဲ့ တိုက်ကြည့်ပြီး နစ်နာကြေးတွေ ပေးဖို့ စီစဉ်နေတယ်။ တစ်လနှစ်လလောက်တော့ ကြာလိမ့်မယ်ထင်တယ်။ တတ်နိုင်သလောက် အမြန်ဆုံးဖြစ်အောင် လုပ်ပေးမှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး လွတ်တော် ဥက္ကဋ္ဌ ဦးသန်းက ပြောသည်။
အဆိုပါ ပျက်စီးမှုများအတွက် ဒုံးအော့ကျေးရွာမှ တောင်သူများသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့များထံသို့ ပံ့ပိုးကူညီမှုများရရန် အသနားခံစာ တင်ထားကြောင်း သိရသည်။
“အဆင်မပြေကြဘူး။ ပဲဆွတ်တောင်သူတွေကို အရေးပေါ် ပဲဆွတ်ဖို့ခေါ်ရတယ်။ တစ်ယောက်ကို တစ်နာရီ သုံးထောင်ကျပ်နဲ့ ငှားနေရတယ်။ ရတဲ့ပဲကလည်း အရည်အသွေးမမီတော့ဘူး” ဟု ဒုံးအော့ကျေးရွာ ပဲစိုက်ခင်း ပိုင်ရှင် ဒေါ်တင်မာက ပြောသည်။
ဧရာဝတီမြစ်ရေသည် မေလ ၂ ရက် ၁၂း၃၀ နာရီအချိန် တိုင်းတာချက်အရ ၅၇၂ စင်တီမီတာရှိပြီး တစ်ပတ်အတွင်း မြစ်ရေကျနိုင်ကြောင်း ကသာမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။
သတင်း - MMK
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment