ဖားကန့်မြေပြိုမှုကြောင့် အလောင်းများ ဆယ်ယူမှု အပြီးသတ် ရပ်ဆိုင်း
------------------------------
ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုမှ အလောင်းများ ရှာဖွေဆယ်ယူနေခြင်းကို မေလ ၂၈ ရက်နေ့တွင် အပြီးသတ် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အလောင်းများ ရှာဖွေဆယ်ယူရေး ကော်မတီအဖွဲ့ထံမှ သိရသည်။
"ဆက်ဖေါ်တာ အလောင်း မတွေ့ဘူး။ မတွေ့ဘူးဆိုတာက အောက်မှာ ရေများလို့။ ပြီးတော့ အန္တရာယ်ရှိတဲ့ နေရာတွေ။ မြေက ဆက်ပြိုမယ့် နေရာတွေ များနေတယ်" ဟု ယင်းကော်မတီ တာဝန်ခံ ဦးစိုးလွင်က ပြောဆိုသည်။
ဝှေခါကျေးရွာတွင် မေလ ၂၃ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုကြောင့် ရေမစေးကျောက်ရှာဖွေသူ ၇၀ ခန့် မြေစာပိမိနေသည်ဟု ဒေသခံများက ပြောဆိုနေသည့်အတွက် မေလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့က ကော်မရှင်ဖွဲ့၍ ဖော်ယူခဲ့သော်လည်း လက်ရှိတွင် အန္တရာယ်ရှိ အနေအထား ဖြစ်နေသောကြောင့် အပြီးသတ် ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ၄င်းက ပြောကြားသည်။
အလောင်းများ ရှာဖွေဆယ်ယူမှုကို မေ၂၅ ရက်နေ့က ပထမအကြိမ် ရပ်ဆိုင်းခဲ့သော်လည်း သေဆုံးသူများ၏ ဆွေမျိုးများနှင့် ဒေသခံများ၊ ကုမ္ပဏီများက ဆက်လက်ဖော်ထုတ်ရန် တောင်းဆိုသောကြောင့် ခွင့်ပြုပေးခဲ့ကြောင်း၊ လက်ရှိတွင်မူ ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် အပြီးသတ် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။
ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေပြိုမှုကြောင့် အလောင်း ၁၉ လောင်း တွေ့ရှိထားပြီး ဒဏ်ရာရသူ ၁၄ ဦးကို ဖော်ထုတ် ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ တစ်ရာခန့် သေဆုံးပြီး ၇၀ ကျော် မြေစာပုံအောက်၌ ကျန်ရှိနေသေးကြောင်း ဒေသခံများက ပြောဆိုသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment