သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်ရေးပါတီအကြီးအကဲများ ပါတီမှထုတ်ပယ်ခံရမှု အတည်မပြုနိုင်သေးဟုဆို
-------------------------
နေပြည်တော်၊ ဧပြီ - ၂၃
-------------------------
ကြံ့ခိုင်ရေးပါတီအကြီးအကဲဟောင်းများဖြစ်သည့် သူရဦးရွှေမန်းအပါအဝင် ၁၇ ဦးတို့အား ပါတီမှထုတ်ပယ်ခံ သည်ဆိုသော သတင်းများ ထွက်ပေါ်နေမှုအား The Ladies သတင်းဌာနမှ မေးမြန်းရာ အတည်မပြုနိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်(လူငယ်တာဝန်ခံ) က ဖုန်း ဖြင့်ဖြေကြားသည်။
“မနေ့ကတော့ CEC အစည်းအဝေးတော့လုပ်တယ်၊ အဲ့ဒီအစည်းအဝေးဆုံးဖြတ်ချက်တွေတော့ အခုထိမထွက် သေးဘူး၊ ကျွန်တော်တို့တော့မသိသေးဘူး၊ ဒါတွေကတော့ ထိလွယ်ရှလွယ်တဲ့ကိစ္စတွေဆိုတော့ သိသင့်တဲ့လူ လောက်ပဲ သိမလားတော့မပြောတတ်ဘူး” ဟု ၄င်းကပြောသည်။
ယခုကဲ့သို့ သူရဦးရွှေမန်း အပါအဝင် အခြားသော ပုဂ္ဂိုလ်များထုတ်ပယ်ခံရခြင်းသတင်းသည် တတိယအကြိမ် မြောက်ထွက်ပေါ်လာခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ သန်းခေါင်ယံအချိန်တွင်လည်း အာဏာသိမ်းပွဲဟု အမည်တွင်ခဲ့သော သူရဦးရွှေမန်းအား ပါတီဥက္ကဌရာထူးမှဖယ်ရှားပြီး ဦးဌေးဦးအား ပါတီ၏ပူးတွဲဥက္ကဌအဖြစ် တာဝန်ပေးအပ်ခဲ့ကာ တပ်မတော်အငြိမ်းစား အရာရှိကြီးများ ပါဝင်လာသည့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ကိုလည်း ၅၆ ဦးဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
ယင်းအပြင် ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းအား ရာထူးမှဖယ်ရှားကာ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းအား အစားထိုးခန့်အပ်ကာ သူရဦးရွှေမန်းနှင့် နီးစပ်သည့်ပုဂ္ဂိုလ်များ ဖြစ်သည့် သူရဦးအောင်ကို ၊ ဦးဇော်မြင့်ဖေနှင့် ဦးအောင်သိန်းလင်း အစရှိသူတို့လည်း ပါဝင်ခဲ့သည်။
သြဂုတ် ၁၂ ရက် ထုတ်ပယ်ခံရမှုနှင့် ပတ်သက်၍ အင်အားသုံးဖယ်ရှားခံရခြင်းသာဖြစ်ပြီး ပါတီ၏ စည်းမျဉ်းစည်း ကမ်းနှင့် မညီညွတ်ပဲ ပါတီညီလာခံသာလျှင် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ထုတ်ပယ်ခံရသူအချို့ ပြောကြားထားမှု များလည်း ရှိခဲ့သည်။
ယခုတစ်ကြိမ် ထုတ်ပယ်ခံရမှုသတင်းမှန်ကန်ခဲ့ပါက ဂျူလိုင်လတွင် ပြုလုပ်မည့် ပါတီညီလာခံမှ အတည်ပြုဆုံး ဖြတ်ဖွယ်ရှိကြောင်း ကြံ့ခိုင်ရေးပါတီနှင့်နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။
ကိုပေါက်
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment