Thursday, April 21, 2016

မန္တလေးမြို့၏ နေ့အပူချိန်မှာ ၄၁ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လျက်ရှိပြီး ရက်ပိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြောင့် အပူချိန် လျော့ကျနိုင်ကြောင်း အထက်မြန်မာပြည် မိုး/ဇလ ညွှန်ကြားရေးမှူး ပြောကြား

မန္တလေးမြို့၏ နေ့အပူချိန်မှာ ၄၁ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လျက်ရှိပြီး ရက်ပိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြောင့် အပူချိန် လျော့ကျနိုင်ကြောင်း အထက်မြန်မာပြည် မိုး/ဇလ ညွှန်ကြားရေးမှူး ပြောကြား
Thursday, April 21, 2016

သင်္ကြန်ပြီး ကာလတွင် မန္တလေးမြို့၏ နေ့အပူချိန်မှာ ၄၁ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လျက် ရှိပြီး လာမည့် ရက်ပိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေများကြောင့် အပူချိန် လျော့ကျနိုင်ကြောင်း အထက်မြန်မာပြည် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မန္တလေးမြို့၏ နေ့အပူချိန်များမှာ ဧပြီလဆန်းပိုင်း အတွင်း၌ စတင် မြင့်တက်ခဲ့ပြီး သင်္ကြန်မတိုင်ခင် ကာလတွင် အမြင့်ဆုံး အပူချိန်အဖြစ် ၄၃ ဒီဂရီ စင်တီဂရိတ်ကျော်အထိ မြင့်တက်ခဲ့ကြောင်း၊ လက်ရှိတွင် အပူချိန်မှာ ၃၉ ဒီဂရီ စင်တီဂရိတ်မှ ၄၁ ဒီဂရီ စင်တီဂရိတ် ၀န်းကျင်သာရှိပြီး ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် အနည်းငယ်သာ ပိုကြောင်း သိရသည်။

“မန္တလေးမှာ နေ့အပူချိန်တွေဟာ သင်္ကြန်မတိုင်ခင် ဧပြီ ၁၁၊ ၁၂ ရက်တွေက ၄၃ ဒသမ ၇ ဒီဂရီ စင်တီဂရိတ်အထိ ရှိခဲ့တယ်။ သင်္ကြန်ပြီးတဲ့ နောက်ပိုင်းမှာတော့ ၃၉ ဒသမ ၅၊ ၄၀၊ ၄၁ ဒီဂရီ စင်တီဂရိတ် အတွင်းမှာ ရှိတော့ အရင်ထက် တော်တော်လေး လျော့သွားတယ်။ ဒီလ ၂၁ ရက်ကနေ ၂၅ ရက်အတွင်းမှာ မိုးရွာနိုင်တဲ့ အခြေအနေရှိတော့ အပူချိန် လျော့ကျနိုင်မယ့် အခြေအနေ ရှိတယ်။ ဒါကြောင့် မန္တလေးမှာတော့ လာမယ့် ၁၀ ရက်တွင်း အစွန်းရောက် လွန်ကဲ အပူချိန်တွေ ဖြစ်ပေါ်နိုင်ဖို့ အလားအလာ နည်းပါတယ်” ဟု အထက်မြန်မာပြည် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

မန္တလေးမြို့၏ နေ့အပူချိန်မှာ ၁၉၉၅ ခုနှစ် ဧပြီ ၃၀ ရက်က ၄၄ ဒီဂရီ စင်တီဂရိတ် အထိ စံချိန်တင် အမြင့်ဆုံး အပူချိန် ဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ ပုံမှန်အားဖြင့် ဧပြီလ မန္တလေးမြို့၏ ပျှမ်းမျှ အမြင့်ဆုံး အပူချိန်မှာ ၃၉ ဒီဂရီ စင်တီဂရိတ်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မန္တလေးမြို့တွင် နေ့အပူချိန်များ မြင့်တက်လာခြင်းကြောင့် မြို့ပေါ် ရပ်ကွက် နေသူများမှာ အနီးဝန်းကျင် အရိပ်ရ နေရာများနှင့် ချောင်း၊ မြောင်း၊ ဆည်ရေနှင့် နီးရာ ပုသိမ်ကြီးမြို့နယ် ချောင်းမကြီးတစ်လျှောက်ရှိ ရေထွက်၊ ရေကြည်ကျေးရွာ အပါအ၀င် ကျုံးသွင်းမြောင်းဘေးရှိ ဇီးချိုကုန်းကျေးရွာ အနီးချောင်းတွင် အပူရှောင် နားခိုရင်း ရေစိမ် ဆော့ကစားခြင်းများ ပြုလုပ်လာကြောင်း သိရသည်။

“ဒီလိုရာသီ ရောက်ရင် မြို့ထဲမှာ အရမ်းပူလွန်းလို့ မြို့ပေါ်မှာရှိတဲ့ သူတွေ အနေနဲ့ ပုသိမ်ကြီးဘက်က ဆည်ရေလွှတ် ချောင်းမြောင်းတွေကို ကားဆိုင်ကယ်တွေနဲ့ တကူးတက လာပြီး အပန်းဖြေ ရေစိမ်ကြတယ်။ အဲဒီလို ရေစိမ်၊ ရေလာချိုးတဲ့သူ များတဲ့အတွက် ဆော့ကစားလို့ရအောင် ဘောကွင်းလေးတွေကို တစ်နာရီ ကျပ် ၅၀၀ နဲ့ ငှားရမ်းပေးတယ်။ အရမ်းပူတဲ့နေ့နဲ့ စနေ၊ တနင်္ဂနွေလို နေ့တွေဆိုရင် လာတဲ့သူ အရမ်းများတဲ့အတွက် ဘောကွင်းငှားလို့ မလောက်ဘူး။ သင်္ကြန်တွင်း ကာလတုန်းကလည်း လာတဲ့သူ အရမ်းများခဲ့တယ်” ဟု ဇီးချိုကုန်းကျေးရွာမှ ရေကစားရန် ဘောကွင်းငှားရမ်းသူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အလယ်ပိုင်း၌ ထူးခြား နေ့အပူချိန်များ အနေဖြင့် ဧပြီ ၁၉ ရက်၌ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ မြင်းခြံ၊ ညောင်ဦးမြို့များတွင် ၄၄ ဒီဂရီ စင်တီဂရိတ်နှင့် ရမည်းသင်း၊ တောင်တွင်းကြီးမြို့များတွင် ၄၃ ဒီဂရီ စင်တီဂရိတ်တို့ ဖြစ်သည်။

ဧပြီလ တတိယ အပတ်အတွင်း မိုးရွာသွန်းနိုင်မှု အခြေအနေ၊ နေ့အပူချိန်များနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်နှင့် ကျန်တိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲအောက် လျော့ကျနိုင်ကြောင်း၊ နေ့အပူချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ဧပြီလ တတိယ အပတ်၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ တတိယပတ်၏ ပျမ်းမျှအပူချိန်တို့ထက် ပိုနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထုတ်ပြန်ထားသည်။

Writer:
အောင်သူ၊ လဲ့လဲ့အောင်

Eleven Media Group


No comments:

Post a Comment