Monday, March 14, 2016

မို့နယ် လေးဆယ်ကျော်တွင် မြေမြှုပ်မိုင်း အန္တရာယ် ရှိနေဆဲဖြစ်ပြီး ကရင်ပြည်နယ်၊ ပဲခူး အရှေ့ခြမ်းနှင့် ကချင်ပြည်နယ်တို့တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု အများဆုံး ဖြစ်ပွားလျက်ရှိ

မြို့နယ် လေးဆယ်ကျော်တွင် မြေမြှုပ်မိုင်း အန္တရာယ် ရှိနေဆဲဖြစ်ပြီး ကရင်ပြည်နယ်၊ ပဲခူး အရှေ့ခြမ်းနှင့် ကချင်ပြည်နယ်တို့တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု အများဆုံး ဖြစ်ပွားလျက်ရှိ Monday, March 14, 2016 မြို့နယ် လေးဆယ်ကျော်တွင် မြေမြှုပ်မိုင်း အန္တရာယ် ရှိနေဆဲဖြစ်ပြီး စစ်တမ်းအရ ကရင်ပြည်နယ်၊ ပဲခူး အရှေ့ခြမ်းနှင့် ကချင်ပြည်နယ်တို့တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု အများဆုံး ဖြစ်ပွားလျက်ရှိကြောင်း မြေမြှုပ်မိုင်းဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ရေး အဖွဲ့တစ်ခုဖြစ်သည့် ငြိမ်းချမ်းမြန်မာ ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်းမှ သိရသည်။ ငြိမ်းချမ်းမြန်မာ ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသန့်စင်က “ကျွန်တော်တို့ မကြာသေးမီက ရွှေကျင်မြို့နယ်အတွင်း ကျေးရွာ ၂၂ ရွာက မိုင်းထိ ရွာသူရွာသားတွေကို ခြေတုတပ်ဆင် လှူဒါန်းခြင်းတွေ လုပ်ခဲ့တယ်။ မြို့ပေါ်နဲ့ မြို့အနီး ၀န်းကျင်က အရပ်သားတွေ အပါအ၀င် လူဦးရေ ၆၀ ကျော်လောက် ရှိပါတယ်။ ဒါ့အပြင် မိုင်းထိဒဏ်ရာ ရရှိထားသူ ၃၀၀ ခန့်လည်း အဲဒီ မြို့နယ်မှာ ကျန်ရှိနေသေးတယ်။ ကျွန်တော်တို့ သွားရောက် လှူဒါန်းတဲ့ အချိန်တွေမှာ သိတာတွေနဲ့ ပြုစုထားတဲ့ စာရင်းတွေ အရတော့ ဒီပဲခူးတိုင်း အရှေ့ခြမ်းပေါ့။ အဲဒီဘက်မှာက မိုင်းထိလို့၊ ထိခိုက်ဒဏ်ရာ ရရှိမှု တော်တော်များများ ဖြစ်နေတယ်။ ဒါ့အပြင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာလည်း မိုင်းပျံ့နှံ့မှုတွေက အများအားဖြင့် ရှိနေဆဲပဲပေါ့။ ယနေ့အထိလည်း လိုအပ်ချက် စာရင်းအတိအကျ မဖော်ပြနိုင်ပေမယ့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သူ ဦးရေဟာ ထောင်ဂဏန်းလောက် ရှိနေဦးမယ်လို့ ခန့်မှန်းတယ်။ မိုင်းထိဒဏ်ရာ ရသူတွေထဲမှာ တပ်မတော်သားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များ အတွက်က ၎င်းတို့ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုတွေ ရှိတယ်။ ကျေးရွာသူ၊ ရွာသား အရပ်သား ကလေးငယ်များ အတွက်ကတော့ ထောက်ပံ့မှု လိုအပ်နေပါသေးတယ်” ဟု ပြောကြားသည်။ ထို့ပြင် ကယား ပြည်နယ်၊ ကရင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင်လည်း မြေမြှုပ်မိုင်း ပျံ့နှံ့မှု ရှိနေဆဲဖြစ်ပြီး အဆိုပါ မြို့နယ်များအတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး စတင်လုပ်ဆောင်ရန် ပြည်တွင်း၊ ပြည်ပ မိုင်းရှင်းလင်းရေး အဖွဲ့အစည်းများက လိုလားလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် အစိုးရ အနေဖြင့် မြေမြှုပ်မိုင်း အန္တရာယ် ရှိနေသည့် နေရာများတွင် နေထိုင်သူများကို ကြိုတင်ကာကွယ်သည့် အနေဖြင့် မိုင်းအန္တရာယ် ပညာပေး ရှင်းလင်းပွဲများ ပြုလုပ်ရန်နှင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူများကို ကူညီဖေးမပေးရန်သာ ခွင့်ပြုထားကြောင်း သိရသည်။ “အနောက်နိုင်ငံက မြေမြှုပ်မိုင်း ရှင်းလင်းရေး အဖွဲ့တွေ ထဲကမှ မြန်မာနိုင်ငံကို ရောက်နေတာ ခုနစ်ဖွဲ့လောက် ရှိတယ်။ သူတို့က ရှင်းခွင့်ရပြီ ဆိုတာနဲ့ ခွင့်ပြုချက် တင်ပြီးတော့ ရှင်းလို့ရတဲ့ နယ်တွေမှာ ၀င်ရှင်းဖို့ အဆင်သင့်ပဲ။ မိုင်းရှင်းချင်တဲ့ အဖွဲ့တွေက သူတို့ရဲ့ အယူအဆက အပစ်အခတ် ရပ်စဲတာတွေ၊ တိုက်ပွဲပြီးတာတွေ၊ ငြိမ်းချမ်းတာတွေနဲ့ မဆိုင်ဘူး။ ရှင်းလို့ရမယ့် နေရာမှာ ၀င်ရှင်းခြင်းအားဖြင့် အဲဒီဒေသ တစ်ဝိုက်မှာ ရှိတဲ့ သူတွေ အသက်ချမ်းသာရာ ရမယ်ပေါ့။ မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်လို့ရှိရင် အစိုးရက ဘာမှ မပြောသေးဘူး။ ကျွန်တော်တို့ သိရသလောက် မိုင်းရှင်းလင်းရေး အဖွဲ့တွေကတော့ ရှင်းပေးဖို့ အသင့် ရှိနေတယ်” ဟု ဦးသန့်စင်က ပြောကြားသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆိုပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေး ပထမအဆင့်ဖြစ်သည့် မိုင်းရှင်းလင်းရေးအတွက် မိုင်းရှင်းလင်းဆိုင်ရာ မူကြမ်းတစ်ရပ်မှာ ရေးဆွဲထားပြီး ဖြစ်ကြောင်းနှင့် အဆိုပါ မူကြမ်းအား နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သဘောတူညီမှုများ ရရှိပါက စတင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Center) မှ သိရသည်။ မြေမြှုပ်မိုင်းများ ထုတ်လုပ်ဖြန့်ဝေ အသုံးပြုနေဆဲ၊ မိုင်းထိ သေကျေ ဒဏ်ရာရမှုများ ရှိနေဆဲ နိုင်ငံများတွင် မြန်မာနိုင်ငံသည် ထိပ်ပိုင်းမှ ပါဝင်နေပြီး လက်ရှိတွင်လည်း မြန်မာနိုင်ငံတွင် နိုင်ငံတကာ အသိအမှတ်ပြု မိုင်းဖော်လုပ်ငန်း ဆောင်ရွက်နေသော မည်သည့် အဖွဲ့အစည်းကမျှ မိုင်းရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းနှင့် မြေမြှုပ်မိုင်း ပျံ့နှံ့မှု ပမာဏ အတိအကျကိုလည်း ခန့်မှန်းနိုင်ခြင်း မရှိသေးကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ (မြန်မာနိုင်ငံ) က ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားချက်အရ သိရသည်။ Eleven Media Group

No comments:

Post a Comment