မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 9, 2016
TNLA တအာင်းပလောင်အဖွဲ့က ကျောက်မဲမြို့နယ်ရှိ ရှမ်းရွာသားအချို့ကို ဖမ်းဆီးသတ်ဖြတ် ရွာမီးရှို့ ဟု ဒေသခံများဆို
TNLA တအာင်းပလောင်အဖွဲ့က ကျောက်မဲမြို့နယ်ရှိ ရှမ်းရွာသားအချို့ကို ဖမ်းဆီးသတ်ဖြတ် ရွာမီးရှို့ ဟု ဒေသခံများဆို
Tuesday, February 9, 2016
TNLA / PSLFအဖွဲ့ က ကျောက်မဲမြို့နယ်ရှိ ရှမ်းတိုင်းရင်းသား အများစုနေထိုင်သည့် တော့ဆန်ကျေးရွာအား ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းက မီးရှို့ခဲ့ပြီး ရှမ်းရွာသား အချို့ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက The Ladies News သို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းတွင်ပြောလာပါသည်။
အနီးနားရှိတောင်ကုန်းပေါ်တွင်RCSS/SSA တပ်ဖွဲ့အချို့ရှိနေသော အဆိုပါ ရှမ်းကျေးရွာသို့ တအာင်းတပ်ဖွဲ့ဝင်များမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ဒေသခံ ၁၀ ဦးလည်း ဖမ်းဆီးထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းတွင် အဆိုပါ ကျေးရွာမှ ဒေသခံအချို့ထံ The Ladies မှ ထပ်မံဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရတော့ပေ။
၎င်းဒေသခံများနှင့် နာက်ဆုံးဆက်သွယ်မှုရရှိခဲ့သော ကျောက်မဲမြို့ပေါ်မှဒေသခံ ရှမ်းတိုင်းရင်းသားတဦးကမူ နေအိမ်များ မီးလောင်သည်မှာ မှန်ကန်ကြောင်းနှင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်အစောပိုင်းက ၄င်းတို့မှ ထပ်မံဆက်သွယ်ခဲ့ရာ ဖုန်းများမှာ တအာင်းတပ်ဖွဲ့များ လက်ထဲသို့ ရောက်ရှိနေကြောင်းလည်း အဆိုပါ အမည်မဖော်လိုသည့် ကျောက်မဲဒေသခံက ပြောသည်။
“ဆယ်ယောက်ကိုဖမ်းသွားတယ် ၃ယောက်ကိုပြန်လွှတ်ပေးတယ် ကျန်တဲ့၇ယောက်နဲ့ပတ်သက်ပြီး သေချာမပြောနိုင်သေးဘူး ကောလာဟလတွေလဲထွက်တာပေါ့ ၇ယောက်ကိုသတ်ထားတယ် တို့ ဒါပေမယ့် ဘယ်သူမှသေချာမပြောနိုင်သေးဘူး အဲ့ဒီဘက်ကရွာသားတွေဘယ်သူမှမဖြေရဲဘူးဖြစ်နေတယ် သူတို့ရွာတွေကို ဖုန်းဆက်လိုက်တယ်ဆိုရင် အဲ့ဒီမှာ TNLAတပ်သားတွေက ဖုန်းရှိတဲ့အိမ်တွေ ထဲမှာသူတို့နေတယ် သူတို့အရင်ကိုင်တယ် အဲ့ဒီတော့ ဘယ်ရွာသားမှစကားမပြောရဲဘူးဖြစ်နေတယ်၊ ရွာအသွားအလာကိုလည်းပဲ ဘယ်သူမှဘယ်မှသွားလို့မရဘူးဖြစ်နေတယ်သတင်းတွေတော့ထွက်နေတယ် သေတာသေချာသလောက်ပြောကြတာပဲ' ဟု အဆိုပါ ကျောက်မဲဒေသခံရှမ်းအမျိုးသားက ပြောသည်။
ပန်မက်မီး ဆိုသည့် ကျေးရွာမှ ကျောင်းထိုင်ဘုန်းတော်ကြီးကိုလည်း တအာင်းပလောင် တပ်ဖွဲ့များမှ ဖမ်းဆီးထားကြောင်းလည်း ကျောက်မဲဒေသခံ ရှမ်းအင်အားစုများမှ ဆိုသည်။
ယင်းအပြင် နမ္မတူဒေသမှ အင်အား ၉၀၀ ခန့်ရှိသည့် တအာင်းပလောင် တပ်ဖွဲ့ဝင်များမှာ ကျောက်မဲဒေသဘက်သို့ ဆင်းလာနေသည်ဟု ဒေသခံများက ဆိုကြပြီး RCSS/SSA ရှမ်းတပ်ဖွဲ့ဝင်များမှာလည်း ကျောက်မဲ ဒေသတွင် ရှိနေသဖြင့် ဒေသခံများမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေးထိုးထားသော ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA နှင့်လက်မှတ်မထိုးသည့် တအာင်းတပ်ဖွဲ့တို့အကြား နယ်မြေ အငြင်းပွားမှု ပြသနာများကြောင့် နိုဝင်ဘာလမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည်။
' အခု တကယ်ပဲ ဒေသခံတွေက ကြောက်လန့်နေသလို တချို့နေရာတွေမှာ သတင်းတွေကလည်း တဘက်နဲ့တဘက် သူလုပ်ငါလုပ်တယ်။ သူ့မျိုးနွယ်စုကို တဘက်ကဖမ်း ဒီဘက်ကလည်း ရွားတွေဝင်ဖမ်းနဲ့ ဖြစ်နေတာ မကောင်းဘူး။ ငြိမ်းချမ်းစွာဆွေးနွေး အဖြေရှာသင့်တယ် ' ဟု သျှမ်းဘာသာဖြင့် ထုတ်ဝေသော ဆမ်ပိုင်းဂျာနယ်မှ အယ်ဒီတာ စိုင်းဇင်က မှတ်ချက်ပြုပြောဆိုသည်။
နေပြည်တော် ရောက် ရှမ်းလွှတ်တော်အမတ်များမှလည်း ကျောက်မဲဒေသတွင် တအာင်းပလောင် တပ်ဖွဲ့နှင့် RCSS/SSA တို့အကြား စစ်ရေးတင်းမာမှုများရှိနေသည်မှာ ဟုတ်မှန်ကြောင်း The Ladies News သို့ ပြောပါသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တအာင်းပလောင် တပ်ဖွဲ့ TNLA ပြောခွင့်ရ ပုဂ္ဂိုလ်ထံ The Ladies News မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ဇော်မင်းထွန်း
The Ladies News Journal
No comments:
Post a Comment