Wednesday, February 10, 2016

အမေရိကန်ဒေါ်လာဈေး ဆက်တိုက်ကျဆင်း၊ ဘဏ်ငွေလဲကာင်တာအချို့ အဝယ်ပိတ်ထားဟုဆို -----------------------------

အမေရိကန်ဒေါ်လာဈေး ဆက်တိုက်ကျဆင်း၊ ဘဏ်ငွေလဲကာင်တာအချို့ အဝယ်ပိတ်ထားဟုဆို --------------------------------------------------------------------- ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ပြည်တွင်း၌ အမေရိကန်ဒေါ်လာပေါက်ဈေးမှာ ယခုလဆန်းပိုင်းမှစ၍ ဆက်တိုက်ကျဆင်းလာရာ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ယခင်နေ့ကထက် တစ်ဒေါ်လာလျှင် ၁ဝကျပ်ကျော် ထပ်မံကျဆင်းခဲ့ပြီး ဘဏ်ငွေလဲကောင်တာများ၌ ဒေါ်လာအဝယ်ပိတ်ထားကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။ ဖေဖော်ဝါရီလ ၈ရက်က ဘဏ်နှင့် တရားဝင်ငွေလဲကောင်တာများ၌ တစ်ဒေါ်လာလျှင် ၁၂၆၁ကျပ် ပေါက်ဈေးရှိမှ ဖေဖော်ဝါရီလ ၉ရက်နေ့တွင် ၁၂၄ဝကျပ်သို့ ထပ်မံကျဆင်းခဲ့ခြင်းဖြစ်ပြီး ဒေါ်လာတန်ဖိုးအားနည်းလာခြင်းကြောင့် ဈေးများကျဆင်းလာခြင်းဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။ မြန်မာနိုင်ငံအတွင်း စံချိန်တင်မြင့်တက်ခဲ့သော ဒေါ်လာဈေးများ ပြန်လည်ကျဆင်းနေချိန်တွင် ရန်ကုန်မြို့တော်ရှိ ဘဏ်ငွေလဲကောင်တာအချို့သည် ဒေါ်လာရောင်းချမှုများကို အဝယ်ပိတ်ထားခြင်းများဖြစ်ပေါ်နေကြောင်း ဘဏ်ငွေလဲကောင်တာများတွင် ဒေါ်လာသွားရောက်ရောင်းချခဲ့သူများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့က ဗိုလ်အောင်ကျော်လမ်းအတွင်းရှိ ဘဏ်ငွေလဲကောင်တာများတွင် ဒေါ်လာသွားရောက်ရောင်းချခဲ့ရာတွင် ဘဏ်ကဝယ်ယူရန် ငွေမကျန်ရှိတော့ခြင်းနှင့် အဝယ်ပိတ်ထားခြင်းစသည်ဖြင့် အကြောင်းပြ၍ မဝယ်ယူသောကြောင့် ပြင်ပဈေးကွက်တွင် သွားရောက်ရောင်းချခဲ့ရကြောင်း ဂျပန်ကုမ္ပဏီတစ်ခုတွင်လုပ်ကိုင်နေသည့် အသက် ၂၄ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဒေါ်လာဈေးကျဆင်းချိန်တွင် ဘဏ်များက မဝယ်ယူသည်မှာမဖြစ်သင့်ဘဲ ဗဟိုဘဏ်ကသတ်မှတ်ထားသော ပမာဏအထိ ပြည်သူများ၏လာရောက်ရောင်းချမှုနှင့် ဝယ်ယူမှုများကို ဈေးကျသွားပါက ကျဈေးနှင့်ဝယ်ယူ၍ ဈေးတက်ပါက အတက်ဈေးဖြင့် ထုတ်ရောင်းသင့်ကြောင်း Myanmar Payment Union အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောဆိုသည်။ "ကျသွားရင်မဝယ်တော့ဘူး။ တက်သွားရင်မရောင်းဘူးဆိုတာ ဘဏ်ရဲ့လုပ်ရမယ့် တာဝန်မဟုတ်ဘူး။ တခြားငွေလဲကောင်တာတွေတောင် လုပ်နိုင်ပြီး ဘဏ်ကမလုပ်နိုင်ဘူးဆိုရင် ဘဏ်လိုင်စင်တွေပြန်အပ်ကြပေါ့" ဟု ၄င်းကထပ်လောင်းပြောကြားသည်။ သို့သော် ထိုသို့ဘဏ်များက လုပ်ကိုင်နိုင်ရန် ဗဟိုဘဏ်က ဒေါ်လာရည်ညွှန်းနှုန်းထားများကို ထုတ်ပြန်ရာတွင် ဈေးကွက်နှင့်ကိုက်ညီအောင် လိုက်လံထိန်းညှိပေးနိုင်ပါက ကောင်းမွန်ကြောင်း ၄င်းကထောက်ပြပြောဆိုသည်။ ဘဏ်ငွေလဲကောင်တာများ၌ ဒေါ်လာရောင်းချခြင်းများကို မဝယ်ယူရန် ဘဏ်ရုံးချုပ်ကမူ မညွှန်ကြားထားဘဲ သက်ဆိုင်ရာဘဏ်ခွဲက လက်ကျန်ငွေအခြေအနေနှင့် ဒေါ်လာပြန်ရောင်းနိုင်အား၊ ဝယ်နိုင်အားများအပေါ်တွက်ချက်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းချိုက ရှင်းပြသည်။ "သူတို့ဘာသာသူတို့ တွက်ချက်ပြီး တချို့ကလည်း လက်ထဲမှာပိုနေလို့ မဝယ်ချင်လို့မဝယ်ဘဲ နေမှာပေါ့ဗျာ။ အဲဒီအပိုင်းအထိတော့ ကျွန်တော်တို့က လိုက်မကြပ်မတ်နိုင်ဘူး။ ယေဘုယျပဲ ညွှန်ကြားချက်ထုတ်ပြန်ထားတာ။ ကျွန်တော်တို့က မဝယ်နဲ့လို့လည်း ညွှန်ကြားလို့မရဘူး။ မရောင်းနဲ့လို့လည်း ညွှန်ကြားလို့မရဘူး။ တစ်ခုချင်း သူ့ဘာသာသူ ချိန်ဆပြီးတော့ လုပ်ကြတာပါ"ဟု ၄င်းကဆိုသည်။ လတ်တလောတွင် ဒေါ်လာဈေးမှာ ပြင်ပဈေးကွက်တွင်ပါ လိုက်လံကျဆင်းနေပြီး တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၁၅ကျပ်၊ ဝယ်ဈေး ၁၂ဝဝ ကျပ် ပေါက်ဈေးရှိကာ ဘဏ်များတွင်မူ ရောင်းဈေး ၁၂၄၈ကျပ်၊ ဝယ်ဈေး ၁၂၃၈ကျပ်ခန့်အထိ ကျဆင်းလျက်ရှိသည်။ ဗဟိုဘဏ်၏ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဒေါ်လာရည်ညွှန်းနှုန်းထားများမှာမူ တစ်ဒေါ်လာလျှင် ၁၂၄၈ကျပ်ဖြစ်သည်။

No comments: