မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 8, 2016
ရေးမြို့နယ်တွင် တစ်ရက်အတွင်း စိတ်ကြွဆေးပြား ၇ဝဝ နီးပါး ဖမ်းဆီးရမိ
ရေးမြို့နယ်တွင် တစ်ရက်အတွင်း စိတ်ကြွဆေးပြား ၇ဝဝ နီးပါး ဖမ်းဆီးရမိ
------------------------------------------------
ရေး ၊ ဖေဖော်ဝါရီ ၇
ရေးမြို့နယ်တွင် ဖေဖော်ဝါရီလ ၆ ရက်က စိတ်ကြွဆေးပြား ၇ဝဝနီးပါး ဖမ်းဆီးရမိခဲ့ကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
ရေးမြို့နယ် ချောင်းတောင်ကျေးရွာ ချောင်းတောင်တံတားတွင် ယင်းနေ့ ၇ နာရီခွဲခန့်က ပိတ်ဆို့ရှာဖွေ စစ်ဆေးနေစဉ် ခေါဇာမြို့နေ မနီလာဦး(အသက် ၂ဝအရွယ်) မောင်းနှင်လာသည့် ဆိုင်ကယ်အား ရှာဖွေစစ်ဆေးရာ WY စာတမ်းပါ စိတ်ကြွဆေးပြား ၅၈၉ပြား ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မနီလာဦးအား စစ်ဆေးမေးမြန်းချက်အရ ယင်းဆေးပြားများအား ရေးမြို့နယ်၊ ခေါဇာမြို့၊ ဆင်ကူးကျေးရွာနေ ဒေါ်ချိုရည်ဦးထံမှ ဝယ်ယူသည်ဟု သိရသဖြင့် သွားရောက်ရှာဖွေရာ ယင်းနေ့နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် ဆင်ကူးရွာနေ ဒေါ်ချိုရည်ဦး(၃၅)နှစ်နေအိမ်တွင် ၄င်းခန္ဓာကိုယ်ပေါ်တွင်ဝှက်ထားသော WY စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ပြားနှင့် ဆေးရှူ ဝါးပိုက် ၃ချောင်း၊ ဖုန်း ၂လုံး၊ မူးယစ်ဆေးဝါး ရောင်းရငွေ ဟုယူဆရသည့် ငွေကျပ် ၂၉သိန်းတို့အား သက်သေများရှေ့တွင် ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း အထက်ပါရုံး မှတ်တမ်းအရ သိရသည်။
အဆိုပါ ဒေါ်ချိုရည်ဦး၏ နေအိမ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းဝယ်ရာတွင် ပါဝင်ပတ်သက်သူများ (သို့မဟုတ်) မူးယစ် ဆေးဝါးသုံးစွဲသူများဟု ယူဆရသော မောင်ချမ်းလွန်(၃၃)နှစ်၊ မောင်ပကေး(၂၇)နှစ်၊ မောင်ပလာ(၂၂)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် တရားခံဟုယူဆရသူ မနီလာဦး၊ မချိုရည်ဦး၊ မောင်ချမ်းလွန်၊ မောင်ပကေး၊ မောင်ပလာတို့အား ရေးမြို့မ ရဲစခန်းက မယ(ပ)၄။၂ဝ၁၆၊ မူး။စိတ်ပြောင်းပုဒ်မ ၁၅/၁၉ (က)၊ ၂ဝ(က)/၂၁တို့အရ အမှုဖွင့်လှစ်ကာ စစ်ဆေး အရေးယူလျက်ရှိကြောင်း ယင်းရဲစခန်းထံမှသိရသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၁ဝ နာရီခွဲခန့်ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့မှ စခန်းမှူး ရဲအုပ်ဝင်းဦး ဦးစီးသော အဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ လမိုင်းမြို့၊ တောင်ဘုံကျေးရွာအုပ်စု၊ ဝဲနှတ်ကျေးရွာနေ ချမ်းသီး(၄၉)နှစ် နေအိမ်အား မူးယစ်ဆေးဝါး ရှာဖွေခွင့်အမှတ်(၄။၂ဝ၁၆)ဖြင့် ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၅၇ ပြားနှင့် မူးယစ်ဆေးဝါး ရောင်းချရငွေဟု ယူဆရသည့် ငွေကျပ် သုံးသိန်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လမိုင်းမြို့ရဲစခန်းက တရားခံဟုယူဆရသူ ချမ်းသီးအား မယ(ပ)၁/၂ဝ၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)၊ ၂ဝ(က)အရ အမှုဖွင့်လှစ်ထားရှိပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
Dawei Watch
No comments:
Post a Comment