မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, February 10, 2016
ဖားကန့်ဒေသတွင် ရွာတစ်ရွာ၏ သဘောတူညီမှုဖြင့် မြေစာပစ်ကွင်းနေရာ ရောင်းချခဲ့ရာ ကျန်ရွာများ ရေပြတ်လပ်မှုကြုံတွေ့
ဖားကန့်ဒေသတွင် ရွာတစ်ရွာ၏ သဘောတူညီမှုဖြင့် မြေစာပစ်ကွင်းနေရာ ရောင်းချခဲ့ရာ ကျန်ရွာများ ရေပြတ်လပ်မှုကြုံတွေ့
Wednesday, February 10, 2016
ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ဆွတ်အောင် ကျေးရွာထိပ်ရှိ ရွာလေးရွာမှ မှီခိုအားထားနေရသော ရေကန်ကြီးအနီး မြေစာပစ်ကွင်းနေရာအား ဆွတ်အောင်ကျေးရွာမှ ကုမ္ပဏီမြေစာစွန့်ပစ်ရန် ရောင်းချခဲ့ကြောင်း သိရသည်။
ယခုအခါ ကုမ္ပဏီမှ လုပ်ငန်းများ လုပ်ကိုင်နေပြီဖြစ်သည့်အတွက် ကန်ကြီးမှ ကျေးရွာများအတွင်းသို့ သွယ်တန်းထားသော ရေပိုက်များမှာ မြေစာဖို့ကာ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည့်အတွက် ကျေးရွာများအတွင်း လေးရက်ဆက်တိုက် ရေပြတ်တောက်နေကြောင်း ကရင်ချောင်ကျေးရွာသားများထံမှ သိရသည်။
အဆိုပါ ဆွတ်အောင်ရေကန်ကြီး အတွင်းမှရေအားဆွတ်အောင်၊ ကရင်ချောင်၊ ဟင်းတင့်၊ စပေါ့ စသည့်ကျေးရွာများမှ မှီခိုအားထားနေရပြီး ယခုနှစ် နှစ်ဆန်းပိုင်းက ကန်အောက်ခြေရှိ မြေစာပစ်ကွင်းနေရာအား ဆွတ်အောင်ကျေးရွာမှ ရာအိမ်မှူးနှင့် ရပ်မိရပ်ဖများ သဘောတူညီမှုဖြင့် ရောင်းချခဲ့ရာ ကျန်ရွာများမှာ မကျေမနပ်ဖြစ်ပေါ်နေကြောင်း သိရသည်။
”အဲဒီကန်ကြီးကို ဒီနားက ကျွန်တော်တို့ ရွာတွေအားလုံး သောက်သုံးနေရတာ။ အခု ဆွတ်အောင်ရွာက အဲဒီကန်အောက်က နေရာကို မြေစာပစ်ဖို့ ရောင်းလိုက်တော့ ရေပိုက်တွေကိုဖို့ပြီး ရေတွေပြတ်ကုန်တယ်။ အဲဒီနေရာကို သိန်းသုံးထောင်နဲ့ ရောင်းလိုက်တာလို့တော့ ပြောနေကြတယ်။ အတိအကျ မသိရဘူး။ ဒီကိစ္စကို ကျွန်တော်တို့ ရွာကတော့ သဘောမတူဘူး။ ဟိုတစ်နေ့ကဆို ရေမလာလို့ တုတ်တွေဓားတွေကိုင်ပြီး ရွာသားတွေ အုပ်လိုက် တက်သွားတာ ကုမ္ပဏီက ပြန်လုပ်ပေးမယ်ဆိုပြီး ညှိနှိုင်းလို့ အဆင်ပြေသွားတာ” ဟု ကရင်ချောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ မြေစာပစ်ကွင်းအား ကျပ်သိန်းသုံးထောင်ဖြင့် အဂ္ဂရတနာမင်းရာဇာကုမ္ပဏီသို့ ရောင်းချခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဆွတ်အောင်ကျေးရွာ ရာအိမ်မှူးက မူမိမိတို့အနေဖြင့် နားလည်မှုဖြင့်သာ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီမှ ကျေးရွာပညာရေးအတွက်ကျပ်သိန်း ၃၀၀၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အတွက် ကျပ်သိန်း ၁၅၀ ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအတွက် ကျပ်သိန်း ၁၅၀၊ နှစ်ခြင်းဘုရားကျောင်းအတွက် ကျပ်သိန်း ၁၅၀၊ အေဂျီဘုရားကျောင်းအတွက် ကျပ်သိန်း ၁၀၀၊ သောက်သုံးရေရရှိရေးကော်မတီအတွက် ကျပ်သိန်း ၅၀ တို့အား ရန်ပုံငွေအဖြစ် ထည့်ဝင်ခဲ့ကြောင်း ပြောကြားသည်။
“တကယ်တော့ ဒီနေရာကို ရောင်းတယ်လို့လည်း ပြောလို့မရပါဘူး။ ကျေးရွာအနေနဲ့ လိုအပ်ချက်အရ မြေစာပစ်ဖို့ ခွင့်ပြုခဲ့တာဖြစ်တယ်။ ဒီအတွက် မိုးရာသီအခါလည်း အန္တရာယ် မဖြစ်ပေါ်နိုင်ပါဘူး။ ဒီလိုမြေစာပစ်တဲ့အတွက် ကုမ္ပဏီတွေက ကျွန်တော်တို့ ရွာဖွံ့ဖြိုးဖို့အတွက် ရန်ပုံငွေ ထည့်ဝင်ခဲ့တာပဲ ရှိပါတယ်။ ဖြစ်ပေါ်လာမယ့် မြေစာပုံအတွက်လည်း မြေစာပုံ ကြီးကြပ်ရေးကော်မတီဖွဲ့ စည်းပြီးပါပြီ” ဟု ဆွတ်အောင်ကျေးရွာ ရာအိမ်မှူး ဦးဌေးလင်းက ပြောကြားသည်။
Writer: အောင်ဟိန်းမင်း
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment