Sunday, February 7, 2016

သမ္မတ ရွေးချယ်ရေးအတွက် ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်မည်

သမ္မတ ရွေးချယ်ရေးအတွက် ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်မည် ------------------------------------------------------ နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ပြည်ထောင်စု လွှတ်တော် အတွင်း နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးကိစ္စ ရပ်များအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် အစည်းဝေးကို ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီဝင်အချို့ထံမှသိရသည်။ ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံတော်သမ္မတ အမည်စာရင်း တင်သွင်းရမည့်နေ့ရက်ကို ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ကြေညာပြီးနောက် နှစ်ရက်အကြာ(ဖေဖော်ဝါရီလ ၁ဝ ရက်နေ့)တွင် နေပြည်တော်ကောင်စီ နယ်မြေရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီရုံးချုပ်တွင် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးခေါ်ယူမည် ဖြစ်ကြောင်း ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ဆိုသည်။ “ ပါတီ ညီလာခံ ကျင်းပရေးကိစ္စတွေ အပါအဝင်ပေါ့။ အခု ပြည်ထောင်စုလွှတ်တော်အတွင်း ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေလည်း ပါပါတယ်” ဟု ၄င်းကဆိုသည်။ ယင်းကိစ္စရပ်နှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေကလည်း “ အစည်းအဝေးခေါ်မယ်လို့ အန်ကယ်ကို ဖုန်းနဲ့ အကြောင်းကြားလာတယ်။ အစည်းအဝေးကတော့ ၁ဝရက်နေ့ပါ။ ဘာအတွက်လည်း တိတိကျကျမသိသေးဘူး” ဟုဆိုသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် အရေအတွက် စုစုပေါင်း ၄၁ဦးသာ ရှိသော်လည်း တပ်မတော် ကျောထောက်နောက်ခံပြုထားသော ပါတီဖြစ်သောကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ တင်သွင်းသော ဒုတိယသမ္မတသည် ယင်းပါတီအတွင်းမှ ပေါ်ထွက်လာဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြပြောဆိုထားသည်။ ထို့အပြင် အရပ်သား လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းမည့် သမ္မတလောင်းနှစ်ဦးနှင့် တပ်မတော်က တင်သွင်းမည့် သမ္မတလောင်းတစ်ဦး စုစုပေါင်း သုံးဦးတို့၏ အမည်စာရင်း ကြေညာမည့်နေ့ရက်ကို ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သတ်မှတ်ထုတ်ပြန်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ လည်းကောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှလည်းကောင်း၊ တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့မှလည်းကောင်း ဒုတိယသမ္မတ သုံးဦးကို တင်သွင်းရမည်ဖြစ်ပြီး ယင်းတို့အတွင်းမှနိုင်ငံတော်သမ္မတစ်ဦးကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရွေးချယ်ရမည် ဖြစ်သည်။

No comments:

Post a Comment