မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, January 19, 2016
နိုင်ငံတော်သမ္မတကို ရွှေသားမြန်မာပြည်မြေပုံဖြင့် နှုတ်ဆက်ကန်တော့မည်ဟုဆို
နိုင်ငံတော်သမ္မတကို ရွှေသားမြန်မာပြည်မြေပုံဖြင့် နှုတ်ဆက်ကန်တော့မည်ဟုဆို
-----------------------------------------
ရန်ကုန်၊ ဇန်နဝါရီ ၁၈
အစိုးရသစ်ထံ တာဝန်လွှဲပြောင်းပေးရမည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို
ရွှေဖြင့်ပြုလုပ်မည့် မြန်မာပြည်မြေပုံဖြင့် နှုတ်ဆက်ကန်တော့မည်ဖြစ်ကြောင်း အဆိုပါကန်တော့ပွဲဦးဆောင်စီစဉ်သူသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)
နောက်ဆုံးနှစ်ကျောင်းသား ကိုဥက္ကာရွှေဝင်းကပြောကြားသည်။
အဆိုပါ နှုတ်ဆက်ကန်တော့ပွဲပြုလုပ်ရန်အတွက် နိုင်ငံတော်သမ္မတရုံးထံမှခွင့်ပြုချက် ရရှိထားပြီး အခမ်းအနားကို မတ်လ၂ဝရက်နေ့ နေပြည်တော်ကောင်စီနယ်မြေရှိ
နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်မည်ဖြစ်သောကြောင့် တစ်နိုင်ငံလုံးရှိ
ကျောင်းသားလူငယ်များ ပူးပေါင်းပါဝင်နိုင်ကြောင်း ၄င်းက ဆိုသည်။
“ဒီလိုမျိုးလုပ်ဖို့ကို ဘယ်သူကမှ တွန်းအားမပေးပါဘူး။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမှလည်း ကိုယ်စားမပြုဘူး၊ ကျွန်တော့်အတွေးနဲ့ ကျွန်တော် အရင်ကတည်းက စဉ်းစားထားတာပါ။ သမ္မတကြီးကလည်း သူတတ်နိုင်သလောက် လုပ်ခဲ့တာပဲလေ။ ဒါကို အသိအမှတ်ပြုရမှာပေါ့။ ဒီလိုမျိုးလုပ်တာက နောက်သမ္မတတွေ သက်တမ်းကုန်ခါနီးမှာလည်း ဒါမျိုးအစဉ်အလာ ရှိသွားအောင်လို့ပါ”ဟု ၄င်းကဆိုသည်။
ထို့အပြင် သမ္မတဦးသိန်းစိန် နှုတ်ဆက်ကန်တော့ပွဲသို့ တက်ရောက်မည့်သူများ
နေထိုင်ရန် နေပြည်တော်ကောင်စီနယ်မြေရှိ စည်ပင်ရိပ်သာများကို စီစဉ်ထားပြီး
ကန်တော့ရန်လာရောက်သူများသည် မိမိကုန်ကျစရိတ်ကို မိမိကျခံရမည်ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
“ အခုလောလောဆယ်မှာတော့ ကျွန်တော့်ဆီကို ဆက်သွယ်လာတဲ့သူ အယောက် လေးရာကျော်နေပြီ။ ကိုယ်တတ်နိုင်သလောက် ထည့်လို့ရတယ်။ ဘယ်လောက်လို့ သတ်မှတ်မထားပါဘူး။
ကန်တော့ခံပစ္စည်းအနေနဲ့ကတော့ ရွှေနဲ့လုပ်ထားတဲ့ မြန်မာပြည်မြေပုံတစ်ခုပါမယ်၊ ကျန်တာကတော့ ဘာတွေ ထပ်ထည့်မလဲဆိုတာ စဉ်းစားဆဲ ဖြစ်ပါတယ်။ ကန်တော့ဖို့ လာမယ့်သူတွေဝတ်ဖို့အတွက် သမ္မတရုပ်ပုံပါတဲ့တီရှပ်တွေလည်း ရောင်းဖို့စီစဉ်နေတယ်” ဟု ကိုဥက္ကာရွှေဝင်းကဆိုသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂ဝ၁၁ခုနှစ် ဧပြီလ ၁ရက်နေ့တွင်
နိုင်ငံတော်သမ္မတတာဝန်ကို စတင်ထမ်းဆောင်ခဲ့သောကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂ဝ၁၆ခုနှစ် မတ်လ ၃၁ရက်နေ့တွင် ငါးနှစ်ကြာ သမ္မတသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
ထို့အပြင် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီထံသို့ အစိုးရတာဝန် လွှဲပြောင်းနိုင်ရေးအတွက် အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် NLD ပါတီ ကိုယ်စားလှယ်အဖွဲ့တို့
တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
No comments:
Post a Comment