အယ်နီညိုဖြစ်စဉ် မေလကုန်အထိဆက်လက်ဖြစ်ပေါ်ပြီး အပူချိန်လွန်ကဲကာ မိုးခေါင်ရေရှားမည်
သမိုင်းတစ်လျှောက်အားအကောင်းဆုံးဖြစ်သည့် အယ်နီညိုရာသီဥတုသည် ယခုနှစ်မတ်လမှ မေလကုန်အထိ ဆက်လက်ဖြစ်ပေါ်နိုင်ရာ နေ့အပူချိန်များ သည် ပုံမှန်ထက်ပိုနိုင်ပြီး မိုးရွာသွန်းမှုပုံမှန်ထက်လျော့နည်းကာ သောက်သုံးရေ ရှားပါးနိုင်ကြောင်း မိုးလေဝသနှင့်ဇလေဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကပြောကြားသည်။
အပူပိုင်းပစိဖိတ်သမုဒ္ဒရာတွင် အယ်နီညိုရာသီဥတုအားကောင်းနေခြင်းကြောင့် ပုံမှန်ထက်အပူချိန်ပိုနိုင်သည့်ဒေသများမှာ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် တို့ဖြစ်ပြီး ပုံမှန်ထက်ပို၍ မိုးရွာသွန်းမှုလျော့နည်းမည့်ဒေသများမှာ ရန်ကုန် တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့ဖြစ်ကာ ကျန်ဒေသများတွင်လည်း မိုးလျော့နည်းနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။
“ဌာနအနေနဲ့ကတော့ ဘယ်လိုဖြစ်နိုင်တယ်ဆိုတာပဲ သတိပေးနိုင်မယ်။ ကြိုတင်ပြင်ဆင်ရေးအပိုင်းကတော့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေ က ဆောင်ရွက်ဖို့လိုတယ်။ အခုလည်း ရေသိုလှောင်တာနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားတာတွေတော့ရှိတယ်” ဟု ဦးကျော်မိုးဦးကဆိုသည်။
၂၀၁၅-၂၀၁၆ခုနှစ် အယ်နီညိုရာသီဥတုသည် ၁၅ရာစုမှစတင်ခဲ့သည့် သမိုင်းတစ်လျှောက် အားအကောင်းဆုံးစံချိန်သစ်သို့ရောက်ရှိလာသည့် အတွက် မြန်မာနိုင်ငံတွင်လည်း ပူနွေးပြီးခြောက်သွေ့သည့်ရာသီဥတု (Warm and Dry Weather)အဖြစ်ကြုံတွေ့ရမည်ဖြစ်ပြီး ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ရေရှိရေးကဏ္ဍတို့တွင် ထိခိုက်ပျက်စီးမှုအများဆုံးရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။
အားကောင်းသည့်အယ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုလျော့နည်းခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ သောက်သုံးရေရှားပါးခြင်း တို့ကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာများဖြစ်ပေါ်လာနိုင်ပြီး စိုက် ပျိုးရေနှင့် သောက်သုံးရေရရှိရေး၊ ရေပေးဝေရေးနှင့် ရေကြောင်းခရီးသွားလာရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း အဆိုပါဌာန ကကြေညာချက်ထုတ်ပြန်ထားသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment