မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
အအေးလှိုင်းအရှိန်ကြောင့် ဒေသအချို့ ရေခဲမှတ်အောက်ရောက် ဆက်လက် အအေး ပိုမည် --------------
အအေးလှိုင်းအရှိန်ကြောင့် ဒေသအချို့ ရေခဲမှတ်အောက်ရောက် ဆက်လက် အအေး ပိုမည်
---------------------------------------------------------------------
ရန်ကုန်၊ ဇန်နဝါရီ ၁၇
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းတွင် အားအသင့်အတင့်ရှိသည့် အအေးလှိုင်း ဖြစ်ပေါ် နေသည့် အရှိန်ကြောင့် ကချင်ပြည်နယ် အပါအဝင်ဒေသအချို့တွင် အပူချိန်များ ရေခဲမှတ်အောက်သို့ရောက်ရှိကာ အအေးပိုမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်ခြမ်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားများရပ်ဝန်း အားကောင်းနေသည့်အပြင် အအေးလှိုင်း အရှိန်ကြောင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး အစရှိသည့် ဒေသများတွင် အအေးပိုနေပြီး ရေခဲမှတ်အထိ ညအပူချိန်များလည်း ကျဆင်းကာ အအေးဆက်လက် ပိုနိုင်ကြောင်း ၄င်းကပြောဆိုသည်။
ရန်ကုန်မြို့တော်အပါအဝင် မြို့ကြီးအချို့တွင်လည်း အအေးလှိုင်းအရှိန်ကြောင့် ညအပူချိန်များ ကျဆင်း၍ အအေးပိုနေခဲ့ပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ မြို့ကြီးအချို့တွင်လည်း ရေခဲမှတ်အောက်ရောက်ရှိသည် အထိ အအေးပိုကာ မိုးသီးကြွေကျခြင်း၊ ရေများအေးခဲခြင်းတို့ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။
“ မနက်ပိုင်းမှာတောင် ရာသီဥတုကအအေးအရမ်းပိုနေပြီး ကလောနဲ့ ဟဲဟိုးမှာဆို ရေခဲစပြုနေပြီ။ နောက်ပြီးဒီမှာရေတောင် ခဲတယ်ဆိုတော့ မနှစ်ကထက် အအေး ပိုတယ်လို့ဆိုရမယ်” ဟု ဟဲဟိုးမြို့နယ် ဒေသခံတစ်ဦးဖြစ်သူ ဦးစောအောင်ကဆိုသည်။
အအေးလှိုင်းဖြတ်သန်းခြင်းကြောင့် ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် အနုတ် ၂ ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့တွင် အနုတ် ၁ ဒီဂရီစင်တီဂရိတ်၊ ပြင်ဦးလွင်မြို့တွင် ၂ ဒီဂရီစင်တီဂရိတ်နှင့် ခန္တီးမြို့နှင့် မိုးကုတ်မြို့တွင် ၅ ဒီဂရီ စင်တီဂရိတ်ရှိကြောင်း မိုးလေဝသနှင့် ဇလေဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့တွင် ရေခဲသည်အထိ ညအပူချိန်ကျဆင်းပြီး အအေးပိုလျက်ရှိသည်။
No comments:
Post a Comment