Friday, December 4, 2015

ဆီးရီးယားရှိ IS ပစ်မှတ်များကို ဗြိတိန်ဂျက်တိုက်လေယာဉ်များ ပထမဆုံးအကြိမ် ထိုးစစ်ဆင် --------------------------------

ဆီးရီးယားရှိ IS ပစ်မှတ်များကို ဗြိတိန်ဂျက်တိုက်လေယာဉ်များ ပထမဆုံးအကြိမ် ထိုးစစ်ဆင်
--------------------------------

လန်ဒန်၊ ဒီဇင်ဘာ ၃

ဆီးရီးယားနိုင်ငံတွင် အစ္စလာမ္မစ်နယ်မြေ ထူထောင်ရန် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် IS စစ်သွေးကြွ အုပ်စုများကို ဗြိတိန်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီ ဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများ ဖြစ်သော BBC နှင့် Reuters သတင်းဌာနတို့က ရေးသားဖော်ပြသည်။

ပါလီမန် လွှတ်တော်အမတ်များက ထိုးစစ်ဆင်ရန် ထောက်ခံကြောင်း မဲပေးဆုံးဖြတ်ခဲ့ပြီးနောက် ဆိုက်ပရပ်စ်လေတပ် အခြေစိုက်စခန်းမှ ဗြိတိန် RAF Tornado ဂျက်တိုက်လေယာဉ်များသည် ဆီးရီးယားရှိ IS ပစ်မှတ်များကို စတင်ဗုံးကြဲခဲ့သည်။

ယမန်နေ့က ပါလီမန်တွင် မဲခွဲဆုံးဖြတ်ကြရာ၌ ဥပဒေပြုအမတ် ၃၉၇ ဦးအနက် ၂၂၃ ဦးက ဗြိတိန်နိုင်ငံ အနေနှင့် ဆီးရီးယား၌ စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ရန် မဲပေးခဲ့ကြသည်။

ပါလီမန်အမတ်များသည် ၁၀ နာရီကြာမျှ ဆွေးနွေးငြင်းခုံခဲ့ကြပြီးနောက် ယင်းသို့ မဲပေးဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆိုက်ပရပ်စ်ရှိ ဗြိတိန်တိုက်လေယာဉ် လေးစင်းသည် ဆီးရီးယား၌ ပထမဆုံးအကြိမ်အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် Tornado ဂျက်တိုက်လေယာဉ်များသည် Paveway အမျိုးအစား၊ ပေါင် ၅၀၀ ခန့်ရှိသည့် ဗုံးသုံးလုံးစီကို သယ်ဆောင်သွားကာ IS ပစ်မှတ်များအပေါ် ကြဲချခဲ့ခြင်း ဖြစ်သည်။

“လေယာဉ်တစ်စင်းမှာ ပေါင် ၅၀၀ ခန့် အလေးချိန်ရှိတဲ့ ဗုံးသုံးလုံးစီ သယ်သွားတယ်။ စစ်ဆင်ရေးကို ညဘက်မှာ ပြုလုပ်ခဲ့တာ၊ ကျွန်တော်တို့ လေယာဉ် အင်ဂျင်တွေဆီက အပြာရောင်နဲ့ လိမ္မော်ရောင်တွေ ထွက်လာပြီး ညဘက်ကောင်းကင်ထဲကို ထိုးတက်သွားတာ မြင်လိုက်ရတယ်” ဟု ဗြိတိန်စစ်ဘက အရာရှိတစ်ဦးက ပြောကြားသည်။

ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနကမူ ဆီးရီးယားမှ IS ပစ်မှတ်များကို ပထမဆုံးအကြိမ် ထိုးစစ်ဆင်ပြီ ဖြစ်ကြောင်းသာ အတည်ပြု ပြောကြားပြီး အသေးစိတ် အချက်အလက် ထုတ်ပြန်ခြင်း မရှိပေ။

ယခု စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် ဂျက်တိုက်လေယာဉ်များတွင် တပ်ဆင်ထားသော ဒုံးကျည်များမှာ လှုပ်ရှားနေသော ပစ်မှတ်ထက် လှုပ်ရှားမှု မရှိသော ပစ်မှတ်ကို ပစ်ခတ်ရာ၌ လွန်စွာ တိကျမှန်ကန်သည်ဟု စစ်ဘက်အသိုင်းအဝိုင်းက ဆိုသည်။

ဂျက်တိုက်လေယာဉ်များသည် လေတပ်အခြေစိုက်စခန်းမှ ပျံတက်သွားပြီးနောက် ၃ နာရီခန့် အကြာတွင် ပြန်လည်ရောက်ရှိလာကြောင်း၊ ပြန်လည်ဆင်းသက်လာချိန်တွင် တပ်ဆင်ထားသော ဗုံးများ မရှိတော့သည်ကို တွေ့ရကြောင်း BBC သတင်းဌာနက ဆိုသည်။

No comments:

Post a Comment