NLD ဖွဲ့မည့် အစိုးရသစ်အတွက် စိန်ခေါ်မှုနှစ်ရပ်ရှိဟု ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်ပြောကြား
ရန်ကုန်၊ နိုဝင်ဘာ ၂၀
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ဖွဲ့စည်းမည့် အစိုးရသစ်အတွက် လာမည့်ကာလများတွင် အကြီးမားဆုံးစိန်ခေါ်ချက်နှစ်ခု ရှိသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က The Voice သို့ပြောကြားသည်။
ပြည်သူလူထု၏ မျှော်လင့်ချက်ကြီးမားနေမှုကို ဖြည့်ဆည်းရန်နှင့် ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရန်သည် NLD အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမည်ဟု ၎င်းကဆိုသည်။
“ဘယ်အစိုးရမဆို ဖွဲ့စည်းပြီးရင် သူ့လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ဖို့ အချိန်တစ်ခုတော့ ယူရမှာပါ။ ဒါကိုပြည်သူကလည်း နားလည်ပြီး စောင့်စားဖို့လိုတာပေါ့”ဟု အဆိုပါပုဂ္ဂိုလ်က မှတ်ချက်ပြုသည်။
ဖွဲ့စည်းပုံပြင်ရေးလုပ်ဆောင်ရာတွင် တပ်မတော်၏ ထောက်ခံမှုကို ရရှိရန် လိုအပ်ပြီး ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ နှင့် ၅၉(စ) တို့ကို အဓိကမထားဘဲ တိုင်းရင်းသား၊ တပ်မတော်နှင့် ပြည်သူလူထုတို့၏ ဘုံအကျိုးစီးပွားကို
ဦးတည်သည့် ဖွဲ့စည်းပုံပါအချက်များကို ဦးစွာပြင်ဆင်ရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက အကြံပြုသည်။
“ဖွဲ့စည်းပုံပြင်ရေးပြောတဲ့အခါ ပုဒ်မ ၄၃၆ ပြင်ပေးပါဆိုပြီး စပြောရင် ပြဿနာက တက်ပြီ။ သူတို့နဲ့က ရန်သူဖြစ်ပြီ။ တပ်နဲ့က ဆက်စကားပြောလို့ရမှာ မဟုတ်ဘူး”ဟု ၎င်းက မှတ်ချက်ပြုသည်။
ဖက်ဒရယ်စနစ်တည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ဆောင်နိုင်ရန် အရေးကြီးပြီး ယင်းကိစ္စတွင် တပ်မတော်၏ အခန်းကဏ္ဍမှာအရေးကြီးသည်ဟု ဦးရဲထွန်းက ရှင်းပြသည်။
NLD သည် ဖွဲ့စည်းပုံပြင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် မူဝါဒများ ချမှတ်ထားခြင်းသာဖြစ်ပြီး ပြည်သူကို မည်သည့်ကတိမှမပေးခဲ့ကြောင်း ၊ သို့သော်လည်း အကောင်း
ဆုံးကြိုးစားမည်ဟု ရွေးကောက်ပွဲအကြို မင်းဘူး မဲဆွယ်ရေးခရီးစဉ်တွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုး နိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမည့်
အစိုးရသစ်က ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းနိုင်ငံရေးအသိုင်းအဝန်းက ဆိုသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment