တပ်မတော်က လက်နက်ကိုင်ဟု မှားယွင်းဖမ်းဆီးခံရသော အရပ်သားနှစ်ဦး ပြန်လွှတ်
-----------------------------------
ရန်ကုန်၊ နိုဝင်ဘာ ၂၅
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့ဝင်ဟု ယူဆကာ တပ်မတော်က မှားယွင်းဖမ်းမိထားသော အရပ်သားနှစ်ဦးကို သက်ဆိုင်ရာ တပ်မတော်တပ်ရင်းက ပြန်လွှတ်ပေးကြောင်း ဒေသတွင်း အပစ်အခတ် စောင့်ကြည့်ရေးအဖွဲ့ စီမံကိန်း တာဝန်ခံ ကိုအောင်မျိုးဆန့်က ပြောကြားသည်။
မန်စီမြို့နယ်အတွင်းရှိ နောင်မွန်ကျေးရွာနှင့် နောင်လုတ်ကျေးရွာမှ ရွာသားနှစ်ဦး ဖြစ်သည့် စိုင်းရီလင်းနှင့် စိုင်းမောင်ဆမ်တို့သည် နိုဝင်ဘာ ၁၉ ရက်တွင် တပ်မတော် ခြေမြန်တပ်ရင်း ခမရ ၄၃၈ က လက်နက်ကိုင်အဖွဲ့ဝင်များဟု မှားယွင်းဖမ်းဆီးခဲ့ပြီးနောက် ယနေ့ (နိုဝင်ဘာ ၂၅ ရက်နေ့) တွင် ပြန်လည်လွှတ်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ရွာသားနှစ်ဦးမှာ မန်စီမြို့နယ် အင်ဘာပါကျေးရွာနှင့် ဂျန်မိုင်းကျေးရွာမှ တစ်ဆင့် မန်စီမြို့နယ် တရားရုံးတွင် ကျမ်းကျိန်လွှာ လာယူစဉ် ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တပ်မတော်က မန်စီရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းနောက် မန်စီရဲစခန်းက အာမခံဖြင့် လွှတ်ပေးသော်လည်း နိုဝင်ဘာ ၂၄ ရက်နေ့ ညနေတွင် တပ်မတော်မှ တာဝန်ရှိသူများက ထပ်မံ စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသတွင်း အပစ်အခတ်စောင့်ကြည့်ရေး အဖွဲ့ထံမှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မန်စီမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “အဲဒါက ဘာကိစ္စလဲ ဆိုတာတော့ ကျွန်တော်တို့ မသိဘူး၊ ကျွန်တော်တို့ ဥပဒေနဲ့ မငြိစွန်းဘူးဆိုတော့ ပြန်လွှတ်ပေးလိုက်တာပါ၊ ဘယ်တပ်ကမှန်းကို မသိပါဘူး၊ စရဖကလည်း သူတို့ဘာသာ သူတို့ လုပ်တာပါ” ဟု ဆိုသည်။
အဆိုပါ လွတ်မြောက်လာသော ရွာသားနှစ်ဦးကို ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း ဒေသတွင်း အပစ်အခတ် စောင့်ကြည့်ရေးအဖွဲ့ထံမှ သိရသည်။
(ရဲနိုင်)
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment