မကြာခင်မှာ လက်ပြနှုတ်ဆက်
ထားရက်ခဲ့တော့မယ်
ငိုနေတဲ့သားသမီးတွေက တားဆီးပေမယ့်
အပိုလူလို့ထင်နေသူတွေက မောင်းထုပ်လေပြီ
အပြောင်းအလဲ ဆိုတဲ့အိပ်မက်ကို
လက်ရှိထက် စိတ်ကူးယဉ်တတ်နေမှတော့
သွားနှင့်ပေါ့ အဖေ
ယိုင်နဲ့နေတဲ့အိမ်အိုကို
အဖေ ရှိသမျှအားခွန်တွေနဲ့
ကျားတွေကန် ဒေါက်တွေထောက်
အောက်ကဆွေး အပေါ်ကယို
ပြိုနေတာတွေ ဖြတ်ကာဆက်
လိုတာတွေထပ်ကာထည့်
ယဲ့နေတာတွေ တည့်မတ်ပေး
တတ်နိုင်သလောက်ထက်ကျော်လွန်အောင်
အဖေ စွမ်းဆောင်ခဲ့ပါတယ်
ဒါပေမယ့် အဖေ ရယ်
လိုတာမရ ရှိသမျှနဲ့မတင်းတိမ်
အကျဉ်းအိမ်ထဲက အဖေ ဆွဲထုတ်ခဲ့တဲ့
ခပ်ယဲ့ယဲ့ကောင်တွေ အစာဝလာတော့
အားတွေပြိုင် အဖေ့ကို ကန်ထုပ်တာ
ဒါ သဘာဝ ပါဘဲလို့ သဘောထားပြီး
ကျနော်တို့ကို ကြောခိုင်းသွားတော့မှာလားအဖေ
ဓမ္မတာအစဉ်အလာအရ
သူတက်ကာငါဆင်း ဆိုပေမယ့်
အဖေ ရင်းခဲ့တာတွေကအများကြီး
သားသမီးတွေကို ရင်မှာပွေ့
တွေ့သမျှဒုက္ခ ခါးစည်းခံ
ရန်ဟူသမျှ ရှေ့ကကာဆီး
အပူမီးတွေ အဖေငြိမ်း
အဖေ မှာလည်း ဒဏ်ရာဒဏ်ချက်တွေအပြည့်
သူတို့တွေ မမြင်ပေမဲ့
အဖေ့ ရင်ကွဲနာကို
ကျနော်တို့ ခံစားတတ်ပါတယ်
ဒါပေမဲ့
သွားပါတော့ အဖေရယ်
အေးငြိမ်းရာ တရားရိပ်မှာ
အပန်းရယ် အဖေဖြေပါတော့
အဖေ့ တာဝန် အကြေလွန်ခဲ့ပါပြီ
ကျနော်တို့ကတော့
သူတို့ပြောတဲ့ အပြောင်းအလဲဆိုတဲ့
စိတ်ကူးယဉ် ဆောင်းအိပ်မက်ကြီးကို
ခါးစည်းခံရင်း
မွန်းကြပ်မှု့တွေတစ်အားဖိစီးလာရင်
"အဖေ" လို့ တမ်းတ အော်ပါရစေ
ခေါ်ခွင့်ပြုပါ "အဖေ"
Ye Yint Ni
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment