NLD မှ လွှတ်တော်နှစ်ရပ်ပေါင်း "ထိုင်ခုံ ၃၃၄ ခုံ" ရလျှင် နိုင်ပြီ (ဝါ) အစိုးရဖွဲ့နိုင်ပြီဟု ပြောဆိုသံများ ကြားရပါသည်။ စက်တင်ဘာ ၁၈ ညပိုင်းကလည်း မိမိ၏ ဆရာသမားတစ်ဦးဖြစ်သော NLD ၌ ထိပ်ပိုင်းတာဝန်ယူခဲ့ဖူးသူတစ်ဦးက မိမိထံဖုန်းဆက်ပြီး "ဝါဒမဖြန့်ပါနဲ့" ဟူသော စကားလုံးသုံး၍ မိမိရေးသားခဲ့သော ဖေ့စဘုတ်ပို့စ်တစ်ခုကို အပြစ်တင်ပြောကြားသည်။ NLD အနေနှင့် ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာ (ဝါ) ထိုင်ခုံ ၃၃၃ ခုံ ရလျှင်ပင် အစိုးရဖွဲ့နိုင်ပြီဟု ဆိုပါသည်။ မိမိရေးသားသော "NLD အစိုးရမဖွဲ့နိုင်" ဟူသော အဆိုသည် NLD အားပေးထောက်ခံသူများကို စိတ်ဓာတ်ပျက်ပြားစေကာ "မဲပြား" သွားလိမ့်မည်ဟု သြဝါဒပေးသည်။
"ပြည်သူတွေ အခြေအနေမှန်ကို နားမလည်ဘဲ မဲထည့်မှာ၊ NLD အစိုးရဖွဲ့နိုင်မယ်လို့ ယုံကြည်အားကိုးပြီး မဲထည့်ကာမှ NLD လည်း မနိုင်၊ ဒေသကိုယ်စားပြု လူတော်ကိုလည်း လွတ်သွား၊ တစ်နည်းအားဖြင့် ဘုန်းကြီးပျံလည်းမမီ၊ ဘကြီး အသုဘလည်း မတွေ့ဖြစ်မှာစိုးလို့ ပကတိအနေအထားကို ရှင်းပြတာပါ" ဟူ၍ ရှင်းပြရသည်။ တစ်ဆက်တည်း NLD မှ အစိုးရဖွဲ့နိုင်ရန် လိုအပ်သော အမတ်လောင်းနေရာ ၃၃၃ နေရာမရနိုင်ပုံကိုလည်း ရှင်းလင်းပြလိုက်ပါသည်။
ပြည်ထောင်စုလွှတ်တော်၌ ထိုင်ခုံ ၆၆၄ ခုံ ရှိသည့်အတွက် -
၃၃၃ ခုံသည် (၅၀.၁၅၀၆၀၂%) ဖြစ်ပြီး ၅၀% ကျော်ပါသည်။ တစ်နည်း ထိုင်ခုံထက်ဝက်ကျော် (၆၆၄÷၂=၃၃၂) ရသဖြင့် ထိုအရေအတွက်ရလျှင် အစိုးရဖွဲ့နိုင်သည် (ဝါ) မိမိလူကို သမ္မတ တင်မြှောက်နိုင်သည်ဟု ဆိုနိုင်ပါသည်။
တပ်မတော်သားကိုယ်စားလှယ်မှာ ၂၅% (၁၆၆) ယောက် ရှိသည်။ ၎င်းတို့မှာ ရွေးကောက်ခံစရာမလိုသဖြင့် ၎င်းတို့ကို သပ်သပ်ဖယ်ထုတ်၍ စဉ်းစားရပါမည်။
သို့ဆိုလျှင် ရွေးကောက်ယှဉ်ပြိုင်ရမည့် ထိုင်ခုံ ၇၅% (၄၉၈ ခုံ) ရှိသည်။
ထပ်မံခွဲဖြာလျှင် -
ပြည်မအတွက် ၄၄.၄၃% (၂၉၅ ခုံ) နှင့် တိုင်းရင်းသားနယ်အတွက် ၃၀.၅၇% (၂၀၃ ခုံ) ရှိသည်။
ပြည်မထိုင်ခုံ ၂၉၅ ခုံမှ NLD မည်မျှ နိုင်,နိုင်မည်နည်း?
ပြည်ခိုင်ဖြိုး၊ NDF, တစည၊ လယ်သမားပါတီ နှင့် တစ်သီးပုဂ္ဂလများ အားလုံးပေါင်းလျှင် အနည်းဆုံး ၁၀% (၆၆ ခုံ) တော့ နိုင်မည်ဟု ယူဆရသည်။ ထိုအမြင်ကို ထိုပုဂ္ဂိုလ်မှလည်း သဘောတူပါသည်။
သို့ဖြစ်ရာ ပြည်မ၌ အများဆုံး NLD နိုင်,နိုင်ခြေရှိသည်မှာ ၂၉၅ - ၆၆ = ၂၂၉ ခုံ သာဖြစ်သည်။
အစိုးရဖွဲ့ရန် လိုအပ်နေသေးသည့်ထိုင်ခုံအရေအတွက်မှာ -
၃၃၃ - ၂၂၉ = ၁၀၄ ခုံ ဖြစ်သည်။
ဤနေရာ၌ မေးခွန်းဖြစ်လာသည်က -
NLD အနေဖြင့် တိုင်းရင်းသားနယ် ၂၀၃ ခုံ မှ ထိုင်ခုံ ၁၀၄ နေရာ လုယူနိုင်ပါမည်လော?
မိမိအနေဖြင့် အဖြေမပေးလိုပါ။
စာရေးသူ၏ ဆရာသမားကမူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲဆွယ်ပြီး လွန်ရောကျွံရော နိုင်လှမှ ထိုင်ခုံ ၅၀ အများဆုံးဖြစ်မည်ဟု မှတ်ချက်ပြုသွားပါသည်။
SMH
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment