Thursday, July 9, 2015

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သမ္မတထံ စာပို့တောင်းဆို ၂၀၁၅

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သမ္မတထံ စာပို့တောင်းဆို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာစေဖို့နဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတဲ့ သူတွေရဲ့ အမှုတွေကို ပိတ်သိမ်းပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဇူလိုင်လ ၆ ရက်နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်ထံ စာပေးပို့ တောင်းဆိုထားတယ်လို့ အဲ့ဒီအဖွဲ့မှ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က The Voice ကိုပြောပါတယ်။ “လွှတ်ပေးခြင်း မလွှတ်ပေးခြင်း ဆိုတာကတော့ သူတို့အပိုင်းပေါ့။ နိုင်ငံရေးအကျဉ်းသားတွေ ရှိတယ် မရှိဘူး ဆိုတာကလည်း အားလုံးသိတာပဲလေ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ကတော့ မူလရည်မှန်းချက် အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာပါ” လို့ သူက ပြောပါတယ်။ နိုင်ငံတော်သမ္မတ အနေနဲ့ အစိုးရအဖွဲ့ တာဝန်ယူစဉ်က ကြွေးကြော်ခဲ့ တဲ့အတိုင်း အားလုံးပါဝင်ရေးကို လက်တွေ့ အကောင်အထည် ဖော်တဲ့အနေဖြင့် လည်းကောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကြီးအား ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး နိုင်ငံရေးအကျဉ်းသား ပြဿနာကို ဖြေရှင်းပေးဖို့လည်း အဲ့ဒီစာထဲမှာ တိုက်တွန်းထားပါတယ်။

No comments: