Tuesday, January 3, 2017

၂၀၁၆ ခုနှစ်၏ ထင်ရှားပုဂ္ဂိုလ် ငါးဦးတွင် လုလုအောင် နှင့်အပြိုင် ဦးဖြိုးမင်းသိန်း၊ ဦးဝင်းထိန်တို့ ပါဝင် ===============

လုလုအောင်
(ဓာတ်ပုံမော်ဒယ်)

၂၀၁၆ အတွင်း အွန်လိုင်းစာမျက်နှာတွေမှာ နာမည်ကြီးခဲ့တဲ့ အနုပညာအသိုင်းအ၀ိုင်းက
တစ်ယောက်ကတော့ ဓာတ်ပုံမော်ဒယ်လုလုအောင်ပါ။ လုလုအောင်ရဲ့ ခန္ဓာကိုယ်အလှကို
အမျိုးသားတွေအများစု သဘောကျအားပေးခဲ့ကြသလို အမျိုးသမီးတွေလည်း လက်ခံခဲ့ပါတယ်။
ခန္ဓာကိုယ်အလှကိုအသားပေး ရိုက်ကူးထားတဲ့ လုလုအောင်ရဲ့ ဓာတ်ပုံတွေက အွန်လိုင်းစာမျက်နှာ
တွေမှာ အချိန်အတော်ကြာ နေရာယူခဲ့သလို ရုပ်သံ၊ ရေဒီယိုနဲ့ ပုံနှိပ်မီဒီယာတွေမှာလည်း
ဖော်ပြခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကတည်းက ဓာတ်ပုံမော်ဒယ်တစ်ယောက်အဖြစ်
အနုပညာလောကထဲကို ခြေချခဲ့ပေမဲ့ ၂၀၁၆ ခုနှစ်က လုလုအောင်အတွက် အအောင်မြင်ဆုံးလို့
ဆိုရမှာပါ။ ဝေဖန်မှုတွေကို အကောင်းမြင် စိတ်ထားနဲ့ တုံ့ပြန်ရင်း လုလုအောင်က Single Mother
အဖြစ် ကိုးနှစ်အရွယ် သမီးငယ်လေးကို ပြုစုစောင့်ရှောက်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
မိခင်ကောင်းတစ်ယောက်အဖြစ် သမီးငယ်ကို ပြုစုစောင့်ရှောက်ရင်း ယုံကြည်ချက်အပြည့်နဲ့
ဝါသနာပါရာအလုပ်နဲ့ ဘ၀ကိုလျှောက်လှမ်းနေသူ လုလုအောင်က ၂၀၁၆ ခုနှစ်မှာ ချန်ထားလို့မရတဲ့
ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။

----------------------------------------------------------------------------------

ဦးဝင်းထိန်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)

ဦးဝင်းထိန်လို့ ပြောလိုက်ရင် နိုင်ငံရေး လောကမှာ မသိတဲ့သူ အင်မတန်ရှားပါတယ်။ အထူးသဖြင့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
အစိုးရအဖွဲ့တာဝန်ကို စတင်ယူလိုက်ကတည်းက ပါတီကို အဓိက ဦးဆောင်နေတဲ့သူဖြစ်ပါတယ်။
ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့မှ ဂရုမစိုက်တဲ့ အပြောအဆိုတွေ၊ ပါတီတွင်း ပြဿနာတွေ ဖြေရှင်းရာမှာ
ခပ်ြပတ်ပြတ်ကိုင်တွယ် ဖြေရှင်းမှုတွေကြောင့် နောက်ကွယ်မှာ ဗီလိန်ကြီးလို့ အခေါ်ခံရသလို
အင်တာဗျူးတစ်ခုမှာ သုံးနှုန်းခဲ့တဲ့ သူ့ရဲ့ 'စောက်ရူး' ဆိုတဲ့ စကားကလည်း ၂၀၁၆ ခုနှစ်အတွင်း
အတော်လေး ရေပန်းစားခဲ့ပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ပါတီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် တချို့ကို
ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို Facebook စာမျက်နှာမှာ စော်ကားမှုကြောင့် ဦးဝင်းထိန်က
ပြတ်ပြတ်သားသား ထုတ်ပယ်ခဲ့တဲ့အတွက် ပါတီတွင်း အငြင်းပွားတွေကလည်း
သတင်းစာမျက်နှာထက်မှာ နေရာယူခဲ့ပါတယ်။ ဦးဝင်းထိန်ဟာ အစိုးရအဖွဲ့ရဲ့ ကိစ္စရပ်တွေလည်း
ပါဝင်ပတ်သက်ရသူတစ်ဦးဆိုတာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဒေါက်တာ ထွန်းဝင်း ထုတ်ပယ်ခံရတဲ့ ကိစ္စက ဖော်ပြနေပါတယ်။ ဒီလို ပြဿနာတွေကြားထဲမှာ
သူကိုယ်တိုင်ရေးသားထားတဲ့ "ဗိုလ်ကြီး အုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှု" ဆိုတဲ့ စာအုပ်ကို
စက်တင်ဘာလအတွင်းက ထုတ်ဝေခဲ့သေးတယ်။ အငြင်းပွားဖွယ်ရာ အချက်အလက်တချို့ပါဝင်ပေမဲ့
အရောင်းရဆုံးစာအုပ်ထဲမှာ ပါဝင်ခဲ့ပါတယ်။ သူ့အပေါ်ဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး
ပြန်တုံ့ပြန်လေ့ရှိတာကတော့ သူ့ရဲ့ လက်သုံးစကားကတော့ "ပန်းနဲ့ ပေါက်တယ်လို့ပဲ ထင်တယ်"
ဆိုတာပါပဲ။

-------------------------------------------------------------------------

ဦးအောင်ကိုဝင်း
(ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ)

အစိုးရအပြောင်းအလဲမှာ ပြည်တွင်း က ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် အများစု ငြိမ်သက်နေကြပေမဲ့
ကမ္ဘောဇဘဏ်နဲ့ အဲကမ္ဘောဇလေကြောင်းလိုင်းပိုင်ရှင် ဦးအောင်ကို ၀င်းကတော့ ၂၀၁၆ ခုနှစ်အတွင်း
လုပ်ငန်းတွေ တိုးတက်ဆောင်ရွက်ခဲ့ပါတယ်။ ကမ္ဘောဇ ဘဏ်ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ နိုင်ငံတကာ
ဘဏ်ကိုယ်စားလှယ်ရုံးတွေကို ဒေသတွင်း နိုင်ငံတွေမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့နဲ့ စင်ကာပူနိုင်ငံမှာ ကမ္ဘောဇဘဏ်ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်နိုင်ခဲ့တယ်။
မလေးရှားနိုင်ငံမှာလည်း နိုင်ငံတကာ ဘဏ်ကိုယ်စားလှယ်ရုံးဖွင့်ဖို့ မလေးရှားနိုင်ငံ ဗဟိုဘဏ်က
ခွင့်ပြုချက်ရထားပြီး ဖြစ်သလို ဂျပန်နိုင်ငံမှာလည်း ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်ရဖို့ ကြိုးစားနေပါတယ်။
ပြည်တွင်းဘဏ်တွေထဲမှာ ပထမဦးဆုံး နိုင်ငံတကာ ဘဏ်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ခဲ့ခြင်းပါပဲ။
ကမ္ဘောဇဘဏ်ဟာ ပြည်တွင်းမှာလည်း ဘဏ်ခွဲ ပေါင်း ၄၅၀ ကျော်အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။
လုပ်ငန်းတိုးချဲ့နိုင်မှုတွေနဲ့အတူ တစ်ဖက်မှာလည်း ဦးအောင်ကိုဝင်းရဲ့ ကမ္ဘောဇဘဏ်ဟာ နိုင်ငံ့အတွက်
အခွန်အများဆုံးထမ်းဆောင်သူ ဖြစ်ခဲ့ပါတယ်။ ငါးနှစ်ဆက်တိုက် ၀င်ငွေအခွန်အများဆုံးပေးဆောင်သူ
အဖြစ်ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရှိ အထိန်းသိမ်းခံ မြန်မာရွှေ့ပြောင်း
အလုပ်သမားများ ပြန်လည်ခေါ်ယူရေးအတွက်လည်း ဦးအောင်ကိုဝင်းရဲ့
အဲကမ္ဘောဇလေကြောင်းလိုင်းက ပါဝင်ကူညီခဲ့ပြီး၊ ကမ္ဘောဇဘဏ်က တည်ထောင်ထားတဲ့
အနာဂတ်အလင်းတန်းဖောင်ဒေးရှင်း ဟာလည်း ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်ရဲ
တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အသေးစားချေးငွေ လုပ်ငန်းတွေ လုပ်ကိုင်လျက်ရှိပါတယ်။
ကမ္ဘောဇဘဏ်ဟာ လန်ဒန်အခြေစိုက် Financial Times က ပေးအပ်တဲ့ မြန်မာနိုင်ငံအတွက်
ဘဏ်လုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည်အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးဆု Bank of the Year in
Myanmar 2016 ဆုကိုလည်း ရရှိခဲ့ပါတယ်။ နိုင်ငံတကာ အကြွေးဝယ်ကတ် (KBZ Union Pay
International, UPI Credit Card) ကိုလည်း ဒီနှစ် အောက်တိုဘာလထဲမှာ
စတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလွယ်တကူ
ငွေလွှဲပြောင်းနိုင်ဖို့ ထိုင်းနိုင်ငံက ကတ်ဆီကွာ (Kasikor) ဘဏ်နဲ့ နားလည်မှု စာချွန်လွှာ
လက်မှတ်ရေးထိုးထားပါတယ်။ ကမ္ဘောဇ စီးပွားရေးလုပ်ငန်းစုရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့
KBZ Gateway ကုမ္ပဏီက မြန်မာနိုင်ငံမှာ ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာဆိုင်ရာ
ဝန်ဆောင်မှုတွေပေးဖို့ အမေရိကန် ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီ Hugh Network Systems နဲ့
ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာနဲ့ နိုင်ငံတကာအဆင့်မီ
ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကမ္ဘောဇကုမ္ပဏီက စတင်လုပ်ဆောင်တာ
ဖြစ်ပါတယ်။

-----------------------------------------------------------

ဦးဖြိုးမင်းသိန်း
(ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်)

၂၀၁၆ ခုနှစ်အတွင်း ထင်ရှားခဲ့သူတစ်ဦးကတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ဖြစ်ပါတယ်။ ၀န်ကြီးချုပ်စဖြစ်တဲ့ရက်မှာပဲ ရန်ကုန်တိုင်းဒေသကြီးကို လာဘ်ပေးလာဘ်ယူမှုကင်းတဲ့
တိုင်းဒေသကြီးတစ်ခုဖြစ်ရမယ်ဆိုပြီး ကြွေးကြော်ခဲ့တဲ့သူပါ။ အင်မတန်ထိလွယ်ရှလွယ်တဲ့ မဘသရဲ့
အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မဘသ မရှိသင့်တော့ဘူးလို့ ပြောခဲ့တာကြောင့် ဝေဖန်ကန့်ကွက်မှုတွေနဲ့
ထောက်ခံမှုတွေကို တစ်ပြိုင်နက်တည်းခံခဲ့ရသူပါ။ အွန်လိုင်းအသုံးအနှုန်းနဲ့ ကွီးဖြိုးလို့
နာမည်ပေးခံထားရတဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာသာပေးခြင်းကို
ခံရသူလို့လည်း မှတ်ချက်ပေးခံ ရသူပါ။ ဦးဖြိုးမင်းသိန်းကို နာမည်ကြီးစေခဲ့တဲ့ နောက်ထပ်
အကြောင်းအရာ တစ်ခုကတော့ ဒေါ်လာတစ်သန်းတန်တဲ့ နာရီပါ။ အထပ်မြင့်ဆောက်လုပ်ရေး
လုပ်ငန်းတွေကို ရပ်နားခိုင်းခဲ့တာ၊ ကျူးကျော်ကိစ္စနဲ့ ဘတ်စ်ကားစီးတာ၊ ညဈေးတန်းဖွင့်လှစ်တာနဲ့
လမ်းဘေးဈေးသည်ကိစ္စတွေကလည်း ဦးဖြိုးမင်းသိန်းရဲ့ ၂၀၁၆ ခုနှစ်အတွင်း လုပ်ဆောင်ချက်တွေပဲ
ဖြစ်ပါတယ်။ အပြောကြီးပြီး အကောင်အထည်ဖော်မှုအားနည်းတယ်ဆိုပြီး
ဝေဖန်ပြစ်တင်ခံနေရသူလည်း ဖြစ်ပါတယ်။

-----------------------------------------------------------------

ကိုဆွေဝင်း
(သတင်းထောက်ချုပ်၊ Myanmar Now)

၂၁၀၆ ခုနှစ်ထဲမှာ ပြည်တွင်းပြည်ပ သတင်းဌာနတွေနဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ လူသိများ
ထင်ရှားခဲ့သူတွေထဲက နောက်တစ်ဦးကတော့ Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ်
ကိုဆွေဝင်းဖြစ်ပါတယ်။ အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေးငယ်နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရမှုနဲ့
ပတ်သက်ပြီး စုံစမ်းဖော်ထုတ် သတင်းရယူခဲ့တဲ့အတွက် လူထုရဲ့ လက်ခုပ်သံကို ရရှိခဲ့သလို
နိုင်ငံတော်သမ္မတရဲ့ ဂုဏ်ပြုလွှာချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။ ကိုဆွေဝင်းကို လူအများက
ချီးကျူးဂုဏ်ပြုခဲ့ကြသလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့
တခြားသတင်းလောက အဖွဲ့အစည်းတွေကလည်း ဂုဏ်ပြုခဲ့ကြပါတယ်။ ယခုနှစ်အတွင်း လူအများ
စိတ်ဝင်စားမှု ခံခဲ့ရတဲ့ အမှုကိစ္စတစ်ခု ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် နှစ်ဦးကို
ရန်ကုန်မြို့ပေါ်က အပ်ချုပ်ဆိုင်တစ်ခုက အိမ်အကူအနေနဲ့ ခေါ်ယူစေခိုင်းခဲ့ပြီးနောက် ငါးနှစ်ကျော်ကြာတဲ့
အိမ်တွင်းနှိပ်စက်မှု ဖြစ်ပွားခဲ့တယ်လို့ ယူဆရမှုကို ကိုဆွေဝင်းက စုံစမ်းဖော်ထုတ်ခဲ့ပြီး စက်တင်ဘာ
၁၉ ရက်မှာ ၎င်းရဲ့ သတင်းဌာနကနေတစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ်။ ကိုဆွေဝင်းရဲ့
စုံစမ်းဖော်ထုတ်ရေးသားမှုကြောင့် ငါးနှစ်ကျော်ကြာ ညှဉ်းပန်းနှိပ်စက်ခံ ခဲ့ရတဲ့ မိန်းကလေးငယ်
နှစ်ဦးဟာ မိဘအုပ်ထိန်းသူထံ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ
အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် လေးဦး ရာထူးမှနုတ်ထွက်ခဲ့ရသလို အပ်ချုပ်ဆိုင်မိသားစုဝင်
ခြောက်ဦးဟာလည်း ယနေ့အချိန်ထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

မြန်မာတိုင်း(မ်)

တက္ကဆက် ပြည်နယ်တွင် လေယာဉ်နှစ်စင်း ဝေဟင်ပေါ်၌ တိုက်မိ၊ သုံးဦးသေဆုံး


မက္ကင်နီ ဇန်နဝါရီ ၂

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်တွင် လေယာဉ်ငယ် နှစ်စင်းသည် ဝေဟင်ပေါ်၌ တိုက်မိရာ လူသုံးဦး သေဆုံးကြောင်း သတင်းဌာနကြီး တစ်ခုက ဇန်နဝါရီ ၂ ရက်တွင် ဖော်ပြသည်။

အဆိုပါ လေကြောင်း မတော်တဆမှုသည် မက္ကင်နီမြို့ရှိ Aero County ပုဂ္ဂလိက လေယာဉ်ကွင်း အနီး၌ ဒီဇင်ဘာ ၃၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ပြည်ထောင်စု လေကြောင်း ပျံသန်းရေး စီမံခန့်ခွဲမှု အဖွဲ့ (FAA)က ထုတ်ပြန် ထားသည်။

မျက်မြင်သက်သေ များ၏ ပြောဆိုချက်အရ လေယာဉ်တိုက်မှုတွင် ပါဝင်သည့် လေယာဉ်ငယ် တစ်စင်းသည် Cessna အမျိုးအစား အခြား လေယာဉ်ငယ်၏ ကိုယ်ထည် နောက်ပိုင်းကို ဝင်တိုက်မိခြင်း ဖြစ်ပြီး ယင်းသို့ တိုက်မိခြင်းကြောင့် Cessna လေယာဉ်၏ အမြီးပိုင်းမှာ ပျက်စီးကာ မြေပြင်သို့ ပျက်ကျခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဝင်တိုက်မိသည့် လေယာဉ်မှ လေယာဉ်မှူးသည် လေယာဉ်ကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသော်လည်း နောက်ပိုင်းတွင် မြေပြင်ရှိ အဆောက်အအုံ တစ်ခု အပေါ်သို့ ပျက်ကျသွားကြောင်း သတင်းဌာနက ဖော်ပြထားသည်။

ယင်းမတော်တဆမှုနှင့် စပ်လျဉ်း၍ FAA က စုံစမ်း စစ်ဆေးနေပြီး လေယာဉ်တိုက်မှုတွင် သေဆုံးသွားသူ များ၏ အမည်များကိုမူ အာဏာပိုင်များက ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

မြ၀တီ
v

  ပြည်တွင်း ငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ဗဟိုဘဏ် ထပ်မံ ညွှန်ကြား


 မြန်မာကျပ်ငွေ နှင့် နိုင်ငံခြား ငွေကြေးအား တွေ့ ရစဉ်(ဆင်ဟွာ)ရန်ကုန် ၊ ဇန်န၀ါရီ ၃ ရက်(ဆင်ဟွာ)

ပြည်တွင်းငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ များသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထပ်မံ ညွှန်ကြားထားကြောင်း သိရသည်။

ထိုကိစ္စအား ယခင်က ထုတ်ပြန်ခဲ့သော်လည်း လိုက်ပါ ဆောင်ရွက်မှု အားနည်းခဲ့ခြင်းများ ရှိကြောင်း ၊ ပြည်တွင်း၌ ဒေါ်လာ လိုအပ်ချက် မြင့်မားပြီး ဒေါ်လာဈေး မတည်ငြိမ်မှုများကို ဖြေရှင်းရန် နည်းလမ်း တစ်ရပ် အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ ကုန်တင်သွင်းမှု လုပ်သူများ အပါအ၀င် ဘဏ်မှ တဆင့် ကျပ်ငွေ သွင်းပြီး ဆောင်ရွက် နိုင်သည် အထိ တွင်ကျယ်စေရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှုးချုပ် ဦးဝင်းသော်က ယနေ့ ဇန်န၀ါရီ ၃ ရက်တွင် ဆင်ဟွာသို့ ပြောသည်။

ယခု ညွှန်ကြားချက် အရ ပြည်တွင်းရှိ လေကြောင်းလိုင်း ၊ ဟိုတယ် ၊ ကျောင်း စသည်တို့ တွင် ဒေါ်လာ အစား ကျပ်ငွေ အသုံးပြုပြီး ငွေပေးချေရမည် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် အဆင့်ဆင့် ညွှန်ကြား အရေးယူ ဆောင်ရွက်များ လုပ်ရန် အသိပေးထားကြောင်း ၊ ပူးပေါင်းပါဝင်မှု မရှိသော လုပ်ငန်းများအား နိုင်ငံတကာ ကဲ့သို့ ငွေဒဏ် ၊ ထောင်ဒဏ် ၊ လုပ်ငန်းလိုင်စင် ပိတ်သိမ်းမှု စသည့် အဆင့်ဆင့် အရေးယူမှုများ ပြုလုပ်သွားမည့်  ကြေငြာချက်အား ထပ်မံ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ကိစ္စအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်စွဲဖြင့် ပေးပို့ အကြောင်းကြားခြင်း ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးဌာနများ ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ များ အနေဖြင့် မိမိ လက်အောက်ခံ အဖွဲ့ အစည်းများ ၊ ဆက်စပ် ဆောင်ရွက်လျက်ရှိသော အစိုးရ နှင့် ပုဂ္ဂလိက လုပ်ငန်းများ ၊ အဖွဲ့ အစည်းများ အတွင်း ကုန်ပစ္စည်းများ ၀ယ်ယူ ရောင်းချခြင်းနှင့် ၀န်ဆောင်မှု ဆောင်ရွက်ခြင်းများ အတွက် ပေးချေခြင်း ၊ ဈေးနှုန်း ဖော်ပြခြင်း ကိစ္စရပ်များတွင် နိုင်ငံခြား သုံးငွေဖြင့် သတ်မှတ်ခြင်း ၊ တောင်းခံ/သုံးစွဲခြင်း မပြုဘဲ ပြည်တွင်းသုံး ကျပ်ငွေဖြင့်သာ ဆောင်ရွက်သွားရန် ထပ်မံ ညှိနှိုင်း အကြောင်းကြားထားကြောင်း သိရသည်။

(Xinhua)

ဒေသခုနစ်ခုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုး/ဇလသတိပေး


 ဘင်္ဂလားပင်လယ်အော် အတွင်း လေထုမငြိမ်မသက်ဖြစ် နေကာ ဒေသခုနစ်ခုတွင် အချိန် အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုး လေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

ဇန်န၀ါရီလဆန်းအတွင်း ဘင်္ဂလားပင်လယ်အော် တောင် ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ် နေကာ ဇန်န၀ါရီ ၃ ရက်နှင့် ၄ ရက်တို့၌ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းနှင့်ရခိုင်ပြည်နယ် တို့၌ နေရာကွက်၍ အချိန်အခါ မဟုတ် မိုးရွာနိုင်ကြောင်း မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန ဒုတိယညွှန်ကြားမှူးချုပ် ဦးကျော်မိုးဦးကပြောသည်။

‘‘အချိန်အခါမဟုတ် မိုးကို ဒီ ရက်သတိထားဖို့ လိုမယ်ပေါ့။ ဘင်္ဂလားပင်လယ်အော် တောင် ပိုင်းမှာက လေထုမငြိမ်မသက် ဖြစ်နေတာရယ်၊ အရှေ့ဘက်က လေပြင်းတွေ ၀င်လာတာရယ် ကြောင့် ကျွန်တော်တို့ဆီ မိုးရွာဖို့ ရှိနေတယ်။ လေထုမငြိမ်မသက် ဖြစ်စဉ်ကိုတော့ စောင့်ကြည့်နေ တုန်းပဲ’’ဟု ဦးကျော်မိုးဦးက ပြောသည်။

အချိန်အခါမဟုတ် မိုးရွာနိုင် မည့်အခြေအနေကြောင့် လတ်တ လောတွင် မြန်မာနိုင်ငံဒေသအနှံ့ ပုံမှန်ထက် အအေးလျော့နည်း လာနိုင်ကြောင်း ၎င်းကပြော သည်။

7day

လပတ်စာမေးပွဲ ကျရှုံး၍ မိခင်ဖြစ်သူမှ ဆူပူကြိမ်းမောင်း မည်ကို စိုးရိမ် ကြောက်လန့်ပြီး ကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံး



 မြိတ်မြို၊ ရေပုန်းနယ်မြေ၊ လမင်းရပ်ကွက်တွင် ကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံး(၂-၁-၂၀၁၇)ရက်နေ့(၁၇၄၅)အချိန် တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ လမင်းရပ်ကွက်၊(၂)လမ်းတွင် ဆဋ္ဌမတန်း ကျောင်းသား ကလေးငယ် တစ်ဦး လပတ်စာမေးပွဲ ကျရှုံး၍ မိခင်ဖြစ်သူမှ ဆူပူကြိမ်းမောင်း မည်ကို စိုးရိမ် ကြောက်လန့်ပြီး ကျောင်းမှအပြန် မိခင်ဖြစ်သူအိပ်ပျော် နေစဉ် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။


(၂-၁-၂၀၁၇)ရက်နေ့(၁၇၄၅)အချိန် မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ လမင်းရပ်ကွက်၊(၂)လမ်းတွင် လူငယ် တစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ရဲအုပ် ဝင်းမြင့်ထွန်းနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မောင်ခင်မောင်ထွန်း(၁၂)နှစ်၊ (ဘ) ဦးကျော်စိုးအောင်၊ ဆဋ္ဌမတန်း(A)၊ ကြံတောအမက ကျောင်းသားဖြစ်ကြောင်း ၄င်းသည် လပတ်စာမေးပွဲ ကျရှုံး၍ မိခင်ဖြစ်သူမှ ဆူပူကြိမ်းမောင်း မည်ကို စိုးရိမ် ကြောက်လန့်ပြီး ကျောင်းမှအပြန် မိခင်ဖြစ်သူအိပ်ပျော် နေစဉ် (၃×၅)အုတ်ပတ်ကာတက် သစ်သားနှစ်ထပ် အိမ်၏ နေအိမ်အောက်ထပ် အမြင့်(၃)ပေရှိ သစ်သား ကွပ်ပျစ်ပေါ်တွင် (၂)ပေအမြင့်ရှိ ခွေးချေခုံပေါ်နေ၍ အမြင့်(၁၀)ပေရှိ နေအိမ်အောက်ထပ် ယက်မတန်းတွင် ချည်ထားသော လက်သန်းလုံးခန့်ရှိ အပြာရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချလျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံး ခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ရဲအုပ် ဝင်းမြင့်ထွန်းမှ(၁၈၃၀)အချိန် တရားလိုပြုလုပ်တိုင်တန်း သဖြင့် မြိတ်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၇)ဖြင့်ဖွင်လှစ်ပြီး အမှုအား ရဲအုပ် အောင်ဝင်းလှိုင်မှ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ

ချုံမြင်တိုး စုံတွဲများ ရဲစခန်းကို မရောက်ချင်ဘူးဆိုရင် ရဲပြောတဲ့စကားကို နားထောင်ပေးပါ


 


၂.၁.၂၀၁၇

မောင်တို့ ..မယ်တို့ ..အနေနဲ့ လူငယ်သဘာဝ ချိန်းဆိုတွေ့ဆုံခွင့် အပြည့်အ၀ ကိုယ်စီရှိပါတယ်။ ဒါပေမဲ့ ကိုယ်ချစ်ရတဲ့သူကို လူသူ အသွားအလာပြတ်တဲ့ ချုံကြို ချုံကြားနေရာတွေမှာ ခေါ်မသွားသင့်ဘူး..။ ချုံတိုးပြီး ချိန်းတွေ့တဲ့ စုံတွဲအချစ်က ချုံတိုးစုံတွဲအချစ်ဘဲဖြစ်မယ် ..။ ကိုယ့်ချစ်သူကို ကိုယ်တန်းဘိုးထား မြတ်နိုးရာမရောက်ဘူး..။ အချစ်အကြောင်းကို စဉ်းစားလာကြပြီဆိုရင် လူကြီးလူကောင်း ဆန်ဆန် အိနြေ္ဒရရ ချိန်းတွေ့ကြပါ။ ရပါ၏ ။


နောက်ပြီး မောင်တို့ မယ်တို့ဟာ ..တိုင်းပြည်ရဲ့ အနာဂါတ်ကြယ်ပွင့်များဖြစ်တာကြောင့် အခုကတည်းက အဆင့်အတန်းရှိရှိ တွေးခေါ်မျှော်မြင်တတ်တဲ့ အလေ့အဓကောင်းများကို မွေးမြုလေ့ကျင့်ကြရမယ် ..။ ကိုယ့်ဆန္ဒတစ်ခုတည်းကို ရှေ့တန်းတင်ပြီး ချုံတိုးလို့ ချိန်းဆိုတွေ့ကြတဲ့ အတန်းအစားထဲမှာ မောင်တို့ မယ်တို့ မပါစေချင်ဘူး ..။ ချုံတိုးပြီး စုံဖက်သွားတဲ့ အတွဲဆိုတာ ဘယ်တော့မှ တည်တန့်သွားတယ်ဆိုတာ မရှိဘူး..။ ဘာကြောင့်လဲဆိုတော့ … နှစ်ဦး နှစ်ဘက်စလုံးဟာ ချုံမြင်လျင် တိုးချင်ကြလို့ဘဲဖြစ်တယ် ..။
အဲ့ဒီလို ချုံမြင်တိုး စုံတွဲတွေကို ပစ်မှတ်ထားပြီး လူသတ် လုယက်နေတဲ့ ဒုစရိုက်သမားများရှိနေတယ်။ တက္ကသိုလ်စုံတွဲများကို ဓားထောက် တိုက်ခိုက်ပြီး ပစ္စည်းလုယက်မှုများကြောင့် ကျောင်းသားအချို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ အများအပြားရှိတယ်။ ၂၀၀၂ တုန်းက မုံရွာ နန္ဒ၀န်ရပ်ကွက် စည်သူလမ်းမှာ တစ်မှုဖြစ်ခဲ့တယ်။ အသက်မသေဘဲ နာကျင်ဒဏ်ရာရခဲ့တဲ့ စုံတွဲများကတော့ မကြာ မကြာဘဲ ..။


မိတ္ထီလာ တက္ကသိုလ်စုံတွဲဆို ကောင်လေးဖြစ်သူက အသက်ဆုံးခဲ့တယ်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မန္တလေးတောင် စုံတွဲများကတော့ ပစ္စည်းတွေပါပြီး လူတွေက နာလို့ကျန်ခဲ့တယ်..။ အဲ့ဒီလို စုံတွဲလုယက်မှုဖြစ်စဉ်တွေ မုံရွာလည်း ၂၀၁၆ ထဲမှာ နှစ်မှုဖြစ်ခဲ့တယ်။ ဖြစ်ပွားခဲ့တဲ့ လုယက်မှု နှစ်မှုလုံးကို ချက်ချင်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်။ မောင်တို့ …မယ်တို့သာ ချုံမတိုးဘူဆိုရင် ဒီလိုပြသနာက ဖြစ်လာစရာ အကြောင်းမရှိဘူး..။ ချုံမြင်တိုး စုံတွဲများဟာ အမှုအခင်းတွေဖြစ်ပွားပြီဆိုမှာတော့ မဖြစ်မနေ ရဲစခန်းကို ရောက်ရတော့တယ် ..။ ကောင်းကြသေးရဲ့လား ..။ ထိုင်ရှက်ရမဲ့ ကိစ္စက အမှုအခင်းဖြစ်တော့ ထပြီးရှက်ကြရတယ် ..။ ထိုင်ပြီးရှက်ရမဲ့ ကိစ္စကို ထပြီးမရှက်ချင်ဘူးဆိုရင် မောင်တို့ မယ်တို့ ရဲပြောတဲ့စကားကို နားထောင်ပါ .. ချုံမြင်တိုင်း မတိုးကြပါနဲ့။ မောင်ရင်းနှမလို စိတ်သဘောထားပြီး ပြောချင်းဖြစ်တယ် ..။ မောင်တို့ ..မယ်တို့အနေနဲ့ ရဲစကားကိုနားထောင်ပေးရင် .. ရဲစခန်းကို လာစရာမလိုဘူး …။

အခုလို အချိန်ကုန်ခံ ..ငွေကုန်ခံ ပြောပြတာဟာ မောင်တို့ မယ်တို့ကို ချစ်လို့ပြောတယ် မှတ်ပါ .. ဒါဘဲ

ရဲအုပ် ရဲအောင်
စခန်းမှူး မုံရွာနယ်မြေ ရဲစခန်း

တက္ကသိုလ်စုံတွဲများ ပြစ်မှုကျူးလွန်ခြင်း မခံရစေရန် ၂.၁.၂၀၁၇ ရက်နေ့က မုံရွာနယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များမှ စုံတွဲများရှိရာ သွားရောက်၍ မှုခင်းကျဆင်းရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေပုံ ..

မုံရွာနယ်မြေရဲစခန်း

ဘရာဇီးထောင်ဆူမှု ၆၀ နီးပါးသေဆုံး

 

ဘရာဇီးထောင်အပြင်ဘက်ဘရာဇီးနိုင်ငံ အနောက်မြောက်ပိုင်း Amazonas ပြည်နယ်မှာ ထောင်တွင်း ဆူပူမှုဖြစ်ပွားတဲ့အတွက် အနည်းဆုံး လူ ၆၀ လောက် သေဆုံးခဲ့ပြီး အဲဒီ သေဆုံးသူအရေအတွက်ဟာ ထပ်တိုးနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Manaus မှာရှိတဲ့ Anisio Jobim အကျဉ်းထောင်မှာ တနင်္ဂနွေနေ့ကစပြီး ဆူပူမှု ဖြစ်သွားခဲ့တာမှာ တနင်္လာနေ့မှာ အခြေအနေတွေ တည်ငြိမ်အောင် ပြန်ထိန်းလိုက်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထောင်တွင်းမှာရှိတဲ့ ပြိုင်ဖက် ဂိုဏ်း ၂ ဖွဲ့အကြားက တိုက်ခိုက်မှုတွေကနေ စတင်လိုက်တဲ့ ဆူပူမှုအတွင်း ခေါင်းပြတ်နေတဲ့ ခန္ဓာကိုယ်တွေ ထောင်နံရံတွေကို ကျော်ပြီး အပြင်ကို ပစ်ချတာတွေ တွေ့ရကြောင်း ဒေသခံ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ဆူပူမှုအတွင်း အကျဉ်းသားတချို့ ထွက်ပြေး လွတ်မြောက်သွားပြီး ထောင်ထဲမှာ ရှိနေသူတွေကို စာရင်းစစ် ဘယ်နှစ်ယောက် ထွက်ပြေးသွားတယ်ဆိုတာကို သိရှိခဲ့ရကြောင်း ပြည်နယ်လုံခြုံရေး အကြီးအကဲ Sergio Fontes က ပြောပါတယ်။ ဒီ အကြမ်းဖက် ဆူပူမှုဟာ နှစ်ပေါင်း များစွာအတွင်း အဆိုးရွားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဘရာဇီးနိုင်ငံအတွင်းက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို အဆမတန် ထိန်းသိမ်းထားတဲ့အတွက် လူသေစေနိုင်တဲ့ အကြမ်းဖက် ဆူပူမှုတွေ မကြာခန ဖြစ်ပေါ်လေ့ရှိတာကြောင့် HRW လို နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ဘရာဇီးနိုင်ငံရဲ့ အကျဉ်းထောင်စနစ်ကို မကြာခဏ ဝေဖန်လေ့ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)